ဒီရာသီ မန်ချက်စတာ ယူနိုက်တက်တို့ ဖလားလေးလုံး အောင်မြင်နိုင်တဲ့ အကြောင်းရင်း (၅) ချက်

ဒီရာသီမှာ ယူနိုက်တက်ဟာ ကာရာဘောင်း၊ အက်ဖ်အေ၊ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ် ဆိုတဲ့ ပါဝင်ယှဉ်ပြိုင်နေတဲ့ ဆုဖလား ၄ ခုလုံးကို အနိုင်ရနိုင်ကြောင်း ဗြိတိန် သတင်းဌာန တစ်ခုကနေ သုံးသပ်ချက် လုပ်ခဲ့ရာမှာ အတော်လေး ပွဲဆူနေပါတယ်။ အဲ့သုံးသပ်ချက်က ဘာတွေလည်း ဖော်ပြသွားပါမယ်။

ကာဆီမီရိုရဲ့ ချန်ပီယံပါးဝခြင်း

‘ငါပြင်ပေးမယ်လို့ သူတို့ကို ပြောလိုက်’

ရာသီအစမှာ ဘရန့်ဖို့ဒ်ကို ယူနိုက်တက် ၄-၀ နဲ့ ရှုံးခဲ့ပြီးနောက် သူ့အေးဂျင့်ထံ ကာဆီမီရို ပြောခဲ့တဲ့ အဆိုပါစကားဟာ တစ်နေ့ကျရင် အိုးထရက်ဖို့ဒ် ကွင်းပြင်ပ သူ့ရဲ့ ရုပ်ထုမှာ ရေးထွင်းထားလောက်ပါတယ်။ ဘရာဇီးသားဟာ အဲ့လိုပြောပြီး တစ်ပတ်အကြာမှာ ပေါင်သန်း၇၀ နဲ့ ရီးရဲလ်မက်ဒရစ်ကနေ ရောက်ရှိလာခဲ့တာပါ။

ကာဆီမီရိုရဲ့ အောင်ပွဲစိတ်ဓာတ်ဟာ ကျန်အသင်းသားတွေကိုပါ ကူးစက်စေခဲ့တာဖြစ်ပြီး ပွဲထွက်စာရင်းထဲမှာ သူပါနေရင် ယူနိုက်တက်ဟာ ဘယ်ပွဲမှာမဆို အောက်အသင်း မဖြစ်နိုင်တော့ပါဘူး။ သူ့အနေနဲ့ နောက်ထပ် ပွဲပယ်မခံရအောင် ရှောင်ဖို့ပဲ လိုပါတယ်။

အာဆင်နယ် ခြေချော်နိုင်သေးခြင်း

ယူနိုက်တက် ရနိုင်သေးတဲ့ ဖလားသုံးလုံးထဲ ပရီးမီးယားလိဂ်က မဖြစ်နိုင်ဆုံးလို့ ထင်ရပါတယ်။ သူတို့ဟာ လက်ရှိ ဇယားထိပ်က အာဆင်နယ်နဲ့ ၈မှတ် ကွာဟနေတာပါ။ ဇန်နဝါရီတုန်းက အမ်းမရိတ်စ်ကွင်းမှာ ၃-၂ နဲ့ ရှုံးခဲ့တာဟာ ယူနိုက်တက်ရဲ့ ဖလားအခွင့်အရေးကို အဆုံးသတ်စေသလို ဖြစ်ခဲ့တာပါ။

အဲဗာတန်ကိုရှုံး၊ ဘရန့်ဖို့ဒ်နဲ့ သရေကျခဲ့ပြီး မန်စီးတီးကို ထပ်ရှုံးခဲ့တဲ့ အာဆင်နယ်ဟာ နောက်ဆုံး ဗီလာ၊ လက်စတာနဲ့ အဲဗာတန်ပွဲတွေကို ပြန်နိုင်ခဲ့ပေမယ့် ယူရိုပါလိဂ် နောက်ပိုင်းအဆင့်တွေ ပြန်လည် စတင်လာတော့မှာဖြစ်လို့ အာဆင်နယ်က အမှားလုပ်ခဲ့မယ်ဆိုရင် ယူနိုက်တက်ဟာ အခွင့်ကောင်းယူဖို့ အသင့်ရှိနေတာပါ။

ရပ်တန့်မရတဲ့ ရက်ဖို့ဒ်

ကာရာဘောင်းဖလားဖိုင်နယ်မှာ ရက်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၅ ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။ အင်္ဂလန်သားဟာ အခုဆိုရင် နောက်ဆုံး တိုက်စစ်ဇုန်ထဲမှာ အဆုံးအဖြတ်ပေးဖို့ ယူနိုက်တက် အားကိုးနေရတဲ့သူ ဖြစ်နေပါပြီ။

မကြာခဏဆိုသလို သူဟာ ခံစစ်တွေကို ဖြိုခွဲဖို့ လိုအပ်တဲ့ ခြိမ်းခြောက်မှုကိုပေးပြီး သရေပွဲတွေကို နိုင်ပွဲအဖြစ် ပြောင်းလဲပေးတတ်ပါတယ်။ ရက်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ အဓိက ဂိုးသွင်းရှင်တာဝန်ကို ယူထားပြီး နောက်ခံလူတွေက သူ့ကို တားဆီးနိုင်စွမ်း မရှိ ဖြစ်နေကြပါတယ်။

မန်စီးတီးရဲ့ ချန်ပီယံလိဂ်ဖိအား

‘လူတွေက စီးတီး ချန်ပီယံလိဂ် ရလောက်တယ်လို့ ပြောကြပေမယ့် အရမ်း ခက်ခဲတယ်ဆိုတဲ့ ခံစားချက်ရနေပါတယ် ”လို့ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ပက်ဂွာဒီယိုလာက ပြောခဲ့ပါတယ်။ ဒါက စီးတီးရဲ့ ပထမဦးဆုံး ဥရောပဖလား ရယူပေးနိုင်ဖို့ ဖိအားခံစားနေရတဲ့ နည်းပြတစ်ယောက်ရဲ့ စကားတွေပါ။

ပရီးမီးယားလိဂ်မှာ သူတို့ဟာ အာဆင်နယ်နဲ့ရဲ့နောက် ၅မှတ် ကွာဟနေပေမယ့် ဂွာဒီယိုလာကတော့ နည်းပြဘဝ ၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အောင်မြင်ရေး ကျန်တာတွေကို စွန့်လွှတ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရာသီကုန်ခါနီးမှာ စီးတီးထက် ပိုလွယ်ကူတဲ့ ပွဲစဉ်တွေ ရှိနေတာကလည်း အကျိုးရှိလာစေနိုင်ပါတယ်။

တန်ဟက်ရဲ့ နည်းဗျူဟာ

ရက်ဖို့ဒ်၊ ဒီဂီယာနဲ့ ဖရက်တို့ထံက အကောင်းဆုံးခြေစွမ်းကို ထုတ်ယူနိုင်ခဲ့တဲ့ တန်ဟက်ကတော့ လှုံ့ဆော်မှုပေးနိုင်တဲ့ ဂုရုကြီးတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ ပွဲအတွင်း စီမံခန့်ခွဲမှုတွေကလည်း ယူနိုက်တက်ရဲ့ ပြန်လည်ရှင်သန်လာမှုမှာ အရေးပါခဲ့ပါတယ်။ သူဟာ အစောပိုင်း အပြောင်းအလဲတွေလုပ်ဖို့ လက်မတွန့်ခဲ့ပါဘူး။

ဝင်ဘာလေမှာ ပွဲချိန်တစ်ဝက်နဲ့ ဒါးလော့အစား ဝမ်ဘစ်ဆာကာကို ထည့်ပြီးတဲ့နောက် ဘယ်တောင်ပံမှာ စိန့်မက်ဇီမင် သိပ်ပြီး လုပ်ခွင့်မရတော့တာက သက်သေပါပဲ။
ဘာကာနဲ့ပွဲမှာ ယူနိုက်တက်တို့ နှစ်ကျော့ပေါင်း ၃-၂ နဲ့ ရှုံးနေချိန် အန်တိုနီကို ထည့်ပြီး ရက်ဖို့ဒ်က ဗက်ဟော့စ်အစား ဗဟိုနေရာ ပြောင်းကစားလိုက်တာက အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။

၄-၂-၃-၁ ဟာ တန်ဟက် အကြိုက်ပုံစံဖြစ်ပေမယ့် သူဟာ တခါတလ ပွဲထဲမှာ ၄-၃-၃ ပုံစံကို ပြောင်းလဲပြီး ၃-၄-၃ ကိုတောင် စမ်းသပ်အသုံးပြုခဲ့ပါသေးတယ်။ သူ့ရဲ့ နည်းဗျူဟာ ပြောင်းလွယ် ပြင်လွယ်ရှိခြင်းကြောင့် ယူနိုက်တက်ဟာ ပွဲထဲကို အမြဲတမ်း ပြန်လာနိုင်ခဲ့ပါတယ်။

သူ့ကိုရထားတာ ယူနိုက်တက် ကံကောင်းပါတယ်။ ယူနိုက်တက်ကို သူပဲ့ကိုင်နေသရွေ့ ဖလားလေးလုံး မျှော်လင့်ချက်ဟာ ဖြစ်လာနိုင်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။