ကာတာရဲ့ ရှိတ်ဂျက်ဆင်ဘင်ဟာမက် အယ်ထာနီဟာ မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူပြီးရင် ကလပ်ရဲ့ ယခင် ရွှေရောင်နေ့ရက်တွေ ပြန်ရအောင် ယူပေးဖို့ သန္နိဌာန်ချထားပါတယ်။
ကာတာဘဏ် QIB ဥက္ကဌဟာ သောကြာနေ့ည နောက်ဆုံး သတ်မှတ်ချိန် ၁၀နာရီ မတိုင်ခင် မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူရေးအတွက် ကမ်းလှမ်းမှုတစ်ခု တင်သွင်းခဲ့တာပါ။ သူ့အနေနဲ့ ယူနိုက်တက်ကို ဝယ်ယူခွင့်ရခဲ့ရင် ဘာတွေလုပ်ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကတိပေးခဲ့တာတွေကို ဖော်ပြပေးသွားပါမယ်။

အိမ်ကွင်းကို အဆင့်မြှင့်တင်ဖို့
ကာတာဘက်က အိုးထရက်ဖို့ဒ်ကွင်းထဲ ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး ကလပ်မှာ ပိုကျယ်ပြန့်တဲ့ အခြေခံ အဆောက်အအုံတွေကို ပြုလုပ်သွားဖို့ ကတိပေးခဲ့ပါတယ်။ လူပေါင်း ၇၄,၃၁၀ ဝင်ဆံ့ပြီး ၁၁၂နှစ် သက်တမ်းရှိတဲ့ အိမ်ကွင်းဟာ အကြီးစား ပြုပြင်မှုတွေ လိုအပ်နေပြီး ရှိတ်ဂျက်ဆင်ရဲ့ ကမ်းလှမ်းမှု အောင်မြင်သွားရင် သူ့အနေနဲ့ အိမ်ကွင်းအတွက် ငွေပမာဏများစွာ အကုန်အကျခံရမှာ ဖြစ်ပါတယ်။
ပရိသတ်တွေကို နေရာပေးဖို့
ကာကာဘက်က ကမ်းလှမ်းမှုဟာ ပရိသတ်တွေကို မန်ချက်စတာ ယူနိုက်တက်ရဲ့ နှလုံးသားအဖြစ် ထပ်မံပြီး နေရာပေးဖို့ ပါဝင်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေဟာ လက်ရှိပိုင်ရှင် ဂလေဇာတွေကို ဆန့်ကျင့်မှုတွေ လုပ်ခဲ့ကြပြီး ရှိတ်ဂျက်ဆင်ကတော့ ပရိသတ်တွေကို ပထမဦးစားပေးအဖြစ် တန်ဖိုးထားမယ် ကတိပေးခဲ့ပါတယ်။
အကြွေးကင်းစင်စေဖို့
ဂလေဇာမိသားစုဟာ ကလပ်ကို အကြွေးနွံထဲ နစ်ခဲ့တဲ့အတွက် ပရိသတ်တွေ ဒေါသဖြစ်ခဲ့ရပေမယ့် ရှိတ်ဂျက်ဆင် မတူညီတဲ့ ဗျူဟာတစ်ခုကို ကတိပေးထားပါတယ်။ ၎င်းတို့ကတော့ ယူနိုက်တက်ကို ရှိတ်ဂျက်ဆင်ရဲ့ Nine Two ဖောင်ဒေးရှင်းက တစ်ဆင့် အကြွေး လုံးဝကင်းစင်သွားစေဖို့ အစီအစဉ် ရှိထားပါတယ်။
အသင်းတိုင်းမှာ ရင်းနှီးမြုပ်နှံဖို့
ကာတာဘက်က မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘောလုံးအသင်းတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။ ရှိတ်ဂျက်ဆင်သာ ကလပ်ကို ဦးစီးခွင့်ရရင် တန်ဟက် ဦးဆောင်တဲ့ အမျိုးသားအသင်းအတွက် အသုံးစရိတ်တွေ ထုတ်ပေးပြီး ကစားသမားကောင်းတွေ စုဆောင်းပေးဖို့ အစီအစဉ် ရှိပါတယ်။
၎င်းတို့က အကယ်ဒမီနဲ့ အမျိုးသမီးအသင်းကိုလည်း ထောက်ပံ့ပေးသွားမှာပါ။ ကလပ်ဟာ ၂၀၁၈ မှာ ပရော်ဖက်ရှင်နယ် အမျိုးသမီးအသင်း ဖွဲ့စည်းပြီးကတည်းက အမျိုးသမီး စူပါလိဂ်ကို မရဖူးသေးပါဘူး။
ကာရင်တန်ကွင်းကို အဆင့်မြှင့်တင်ဖို့
လေ့ကျင့်ရေးစင်တာအတွက် ရင်းနှီးမြုပ်နှံမှု လုပ်ပေးဖို့လည်း ၎င်းက ကတိပေးခဲ့ပါတယ်။ ကလပ်ဂန္တဝင် ခရစ္စတီယာနို ရော်နယ်ဒိုက လေ့ကျင့်ရေးကွင်းကို ဘာမှ အဆင့်မြှင့်တင်မှုတွေ မလုပ်ပေးထားခြင်းအတွက် သူ့အင်တာဗျူးထဲမှာ ကလပ်ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။
သရဲနီတွေဟာ ပိုင်ရှင်သစ်နဲ့အတူ ခေတ်နဲ့အညီ အမီလိုက်နိုင်ဖို့ ကာရင်တန်ကို အလုံးစုံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ရှိနေပါတယ်။
