မန်စီးတီးကို ဖယ်ထုတ်လိုက်ရင် ပရီးမီးယားလိဂ် အမှတ်ပေးဇယားက ဘယ်လို ဖြစ်သွားမလဲ

ပရီးမီးယားလိဂ်ဟာ မန်စီးတီးရဲ့ ဘဏ္ဍာရေးချိုးဖောက်မှု ဆိုင်ရာ ကိစ္စတွေကို စုံစမ်းခြင်း ရလဒ်အား တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီဖြစ်ကာ မကြာခင်မှာ အရေးယူမှုတွေ ပေါ်ပေါက်လာပါတော့မယ်။

ပရီးမီးယားလိဂ်ရဲ့ ဖော်ထုတ်မှုအရ စီးတီးဟာ ၉ ရာသီအတွင်း အကြိမ် ၁၀၀ ကျော် စည်းကမ်း ဖောက်ဖျက်ခဲ့သလို လိဂ်ဘက်က စုံစမ်းစစ်ဆေးချိန်မှာလည်း ပူးပေါင်း လုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီစစ်ဆေးမှုရလဒ်တွေအား လိဂ်ဘက်က လွတ်လပ်သော ကော်မရှင်ထံ လွဲပြောင်းပေးမှာဖြစ်ကာ ပြင်းထန်တဲ့ အရေးယူမှုတွေ ရှိလာတော့မှာပါ။

မန်စီးတီးအသင်း ရင်ဆိုင်ရနိုင်တဲ့ ပြစ်ဒဏ်ကြီး (၅) မျိုးကတော့

၁ – ပရီးမီးယားလိဂ်ကနေ ထုတ်ပယ်ခံရခြင်း
၂ – ရမှတ်လျော့ခံရခြင်း
၃ – အပြောင်းအရွှေ့ ပိတ်ခံရခြင်း
၄ – အသုံးစရိတ် ကန့်သတ်ခံရခြင်း
၅ – ချန်ပီယံဆုဖလား ပြန်သိမ်းခံရနိုင်ခြင်း တို့ပဲ ဖြစ်ပါတယ်။

မန်စီးတီးဘက်ကတော့ ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်ကို အံ့အားသင့်ရတယ်လို့ တုန့်ပြန်ထားပါတယ်။ ဒါပေမယ့်လို့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ယူအီးအက်ဖ်အေရဲ့ အရေးယူခြင်းကို ရှောင်လွဲနိုင်ခဲ့သလို အားကစားခုံရုံထံ အယူခံဝင်ခွင့် ရှိမှာ မဟုတ်ပါဘူး။

အင်္ဂလန်ဘောလုံး အသိုင်းအဝိုင်းကတော့ မန်စီးတီးဟာ ပြင်းထန်တဲ့ အရေးယူခြင်း ခံရမယ်ဆိုတာကို နားလည်ထားကြပြီး ဒီဖြစ်ရပ်ကို ရှုထောင့်အမျိုးမျိုးကနေ ချဉ်းကပ် ဖော်ပြနေကြပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်မှာ မန်စီးတီးအသင်း ထုတ်ပယ်ခံရရင် ဆိုတဲ့ အခြေအနေအတွက် တွက်ဆမှုလည်း ထွက်ပေါ်လာပါတယ်။

အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီး မရှိတော့ရင် အာဆင်နယ်ဟာ ဒုတိယနေရာက ယူနိုက်တက်ကို ၈ မှတ်ထိ ဖြတ်နိုင်မှာဖြစ်ပါတယ်။ တတိယနေရာက နယူးကာဆယ်ကိုလည်း လိဂ်ဦးဆောင်သူတွေက ၁၀ မှတ် ဖြတ်ထားနိုင်ပါမယ်။

အမှတ်ပေးဇယား ထိပ်ဆုံး ၄ သင်းအဖြစ် အာဆင်နယ်၊ မန်ယူနိုက်တက်၊ နယူးကာဆယ်နဲ့ စပါးတို့ ရပ်တည်နေမှာ ဖြစ်ကာ တန်းဆင်းဇုန် အောက်ဆုံး ၂ သင်းကတော့ ဘုန်းမောက်၊ ဆောက်သမ်တန်တို့ ဖြစ်လာလိမ့်မယ်လို့ သိရတာ ဖြစ်ပါတယ်။