ဟာလန်းက အသင်းမှား ပြောင်းခဲ့တာဖြစ်ပြီး မန်စီးတီးမှာ သူပိုကောင်းမလာဘူး ဆိုတဲ့ သုံးသပ်ချက်

ဟာလန်းဟာ စီးတီးကို ပြောင်းလာပြီးနောက် ပြိုင်ပွဲစုံ ၂၈ပွဲမှာ ၃၁ဂိုး သွင်းယူပေးခဲ့ပေမယ့် အသင်းရွေးမှားခဲ့တယ်လို့ စကိုင်းစပေါ့ကနေ ကာရေဂါက ပြောဆိုခဲ့ပါတယ်။

ဟာလန်းတစ်ယောက်ထဲ ပရီးမီးယားလိဂ် ၂၅ဂိုး သွင်းယူခဲ့ပေမယ့် စီးတီးဟာ မနှစ်က ရာသီ ၂၁ပွဲအပြီး ၅၃ဂိုးသွင်း၊ ၁၃ဂိုး ပေးခဲ့ရကာ ဒီနှစ်မှာတော့ ၅၃ဂိုးသွင်း၊ ၂၁ဂိုး ပေးထားရတာ ဖြစ်ပါတယ်။ စီးတီးဟာ မနေ့က စပါးကို ၁-၀ နဲ့ ရှုံးနိမ့်ပြီး ဟာလန်းက ဂိုးပေါက် ခြိမ်းခြောက်နိုင်စွမ်း မရှိတဲ့နောက် ငြင်းခုံမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

“ ဒီရာသီမှာ ဟာလန်း ဂိုးတွေသွင်းတာကို မြင်နေရပြီး ကျွန်တော်တို့က သူတကယ် လုပ်နိုင်စွမ်းရဲ့ ၆၀ ရာခိုင်နှုန်းလောက်ပဲ မြင်ခဲ့ရတယ်လို့ ထင်ပါတယ်။ ရာသီပထမဆုံး ဝက်စ်ဟမ်းနဲ့ပွဲမှာ သူသွင်းယူခဲ့ဂိုးဟာ ပြိုင်ဘက်အသင်း ခံစစ်အနောက်က နေရာလွတ်ထဲ ပြေးလွှားပြီး ရယူခဲ့တာပါ။

စီးတီးရဲ့ ကစားပုံနဲ့ အဲ့လို သွင်းဂိုးမျိုး မကြာခဏ သွင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူက တန်ပြန်တိုက်စစ်ဆော့တဲ့ လိဂ်ကနေ လာတာပါ။ အဲ့ဒီ့မှာ သူ့ရဲ့ လျင်မြန်တဲ့ အရှိန်အဟုန်ကို မြင်ခဲ့ရတယ်။ မန်စီးတီးမှာတော့ အဲ့လို မမြင်ရပါဘူး။ သူ့ရဲ့ အကောင်းဆုံးပုံစံကို ထုတ်ယူဖို့ ရွေးခဲ့တဲ့အသင်းက မှားနေပြီ ထင်ပါတယ်။

မန်စီးတီးမှာ ဟာလန်းရဲ့ လုပ်နိုင်စွမ်း အပြည့်အဝကို ကျွန်တော်တို့ မတွေ့ရဘူး။ ဒါက ဟာလန်းကြောင့် မဟုတ်ပါဘူး။ ဟာလန်း ပရီးမီးယားလိဂ်မှာ ၂၅ဂိုး သွင်းခဲ့တယ်။ ဒါပေမယ့် ဒီရာသီ မန်စီးတီးအသင်းလိုက် သွင်းဂိုးက မနှစ်ကနဲ့ တူတူပါပဲ။ ဂိုးတောင် ပိုပေးထားရသေးတယ်။

သူတို့က တန်ပြန်တိုက်စစ်ဆင်ခံရဖို့ ပိုလွယ်ကူလာပါတယ်။ ဟာလန်းရှိနေပေမယ့် သူတို့က အားပိုနည်းနေတယ်။ ဒါပေမယ့် အဲ့ဒါက ဟာလန်းရဲ့အမှား မဟုတ်ပါဘူး။ စီးတီးက ဟိုဘက် ဒီဘက် အဆုံးထိ တိုက်စစ်ဆင် ကစားတာမျိုး လုပ်မှာမဟုတ်ဘူး။ အဲ့ဒါက ဂွာဒီယိုလာရဲ့စတိုင် မဟုတ်ဘူး။

သူ့ကစားသမားတွေမှာ အဆုံးထိ တိုက်စစ်ဆင်နိုင်တဲ့ အရှိန်အဟုန်၊ အင်အားမျိုး မရှိဘူး။ ဟာလန်းက လိဂ် ၂၅ဂိုး သွင်းထားပေမယ့် သူလုပ်နိုင်သမျှ အရာအားလုံးကို မတွေ့ရသေးဘူး။ ဘာလို့လဲဆိုတော့ သူရွေးချယ်ခဲ့တဲ့ အသင်းကြောင့်ပဲ”လို့ ကာရေဂါက ဆိုပါတယ်။

ဂရေမီဆောင်းနက်ကတော့ စီးတီးရဲ့ လက်ရှိပြဿနာကို အဖြေရှာဖို့ ဂွာဒီယိုလာကို တိုက်တွန်းခဲ့ပြီး ဟာလန်းရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းကို ရရှိဖို့ အသင်းဖော်တွေက ပိုပြီး လျင်လျင်မြန်မြန်နဲ့ ပြတ်သားထိရှတဲ့ ဘောလုံးတွေ ပေးပို့ဖို့ လိုအပ်တယ်လို့ ဆောင်းနက်က ဆိုပါတယ်။

“ ဧရိယာထဲမှာ ဟာလန်းရဲ့ လှုပ်ရှားမှုကို ကြည့်လိုက်ရင် သူက တကယ့်ထိပ်တန်း တိုက်စစ်မှူးတစ်ယောက်ပါ။ သူတို့ ဂိုးတွေမသွင်းနိုင်တာ ကျွန်တော် အံ့ဩတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာရှိတဲ့ တောင်ပံကစားသမားတွေက ဟာလန်း ရှိတဲ့နေရာကို သိပြီး၊ ကန်သွင်းမှုလုပ်နိုင်တဲ့ နေရာတွေကို ကောင်းကောင်းသိပါတယ်။

ဟာလန်းက ၂၅ဂိုး ရထားပြီးပြီ။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းကို အသုံးမချနိုင်နေဘူး။ ဘောလုံးကို အချိန်မီ မရယူနိုင်ဘူး။ ဒီနေ့ခေတ်မှာ ကစားနေတဲ့ ကြိုက်တဲ့ တိုက်စစ်မှူးကို မေးကြည့်။ သူတို့က ဘောလုံးကို မြန်မြန်နဲ့ စောစောစီးစီး ရချင်ကြတယ်။

ဟာလန်းက ဗဟိုတိုက်စစ်မှာ သူ့နည်းလမ်းနဲ့သူ ကမ္ဘာ့အကောင်းဆုံး ကစားသမားပဲ။ ဒါပေမယ့် စီးတီးက အဲ့ဒါကို အသုံးမချနိုင်ဘူး။ မန်စီးတီးက တချိန်လုံး ပြီးပြည့်စုံတဲ့ ဂိုးသွင်းဖို့ ကြိုးစားနေတာပါ။ ဟာလန်းလိုမျိုး ကျွမ်းကျင်မှုရှိတဲ့သူကို ရထားရင် အသုံးချသင့်တယ် ” လို့ ဆောင်းနက်က ပြောကြားခဲ့ပါတယ်။