ဒီရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရ ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး ဥရောပကလပ် (၆) သင်း

ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲတွေက ဒီအပတ်မှာပဲ ပြန်ရောက်လာပြီမို့ စိတ်လှုပ်ရှားစရာ ပွဲတွေအများကြီး ကြည့်ရပါဦးမယ်။ ဒီရာသီ ဥရောပချန်ပီယံဖြစ်လာဖို့ ရေပန်းစားနေတဲ့ ထိပ်ဆုံး ၆ သင်းကို Sports Home Time ပရိသတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

6. Napoli (10/1)

ဒီရာသီမှာ အများကြီး တိုးတက်လာခဲ့တဲ့ စီးရီးအေ အဆင့် ၁ အသင်းဟာ လိဂ်မှာ ၅၄ ဂိုး သွင်းထားပြီး ၁၅ ဂိုးသာ ပေးထားရပါတယ်။ သူတို့ဟာ ချန်ပီယံလိဂ် အုပ်စု ၆ ပွဲမှာ ၅ ပွဲ အနိုင်ရခဲ့ပြီး တစ်ပွဲပျမ်းမျှ သွင်းဂိုးက ၃.၃၄ဂိုး ဖြစ်ပါတယ်။ သူတို့အတွက် အိုဆီမန်က အရေးပါတဲ့သူဖြစ်ပြီး စီးရီးအေ သွင်းဂိုး ၁၇ ဂိုး သွင်းယူထားပါတယ်။

ကာဗာရတ်ခယ်လီယာကလည်း ဒီရာသီမှာ ၁၁ ဂိုး သွင်းထားပြီး ဥရောပ ထိပ်သီးကလပ်တွေဆီက ကမ်းလှမ်းမှုတွေ ရလာမှာ သေချာပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်မှာ နာပိုလီဟာ အတော် ခရီးရောက်နိုင်မှာပါ။

5. Liverpool (10/1)

ဒီရာသီ ဆိုးရွားလွန်းတဲ့ ခြေစွမ်းတွေကို ပြသနေတဲ့ လီဗာပူးတို့ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းစားတယ်ဆိုတာက မယုံနိုင်စရာ ဖြစ်ကောင်းဖြစ်ပါမယ်။ ဒါပေမယ့် နောက်ဆုံး ၅ ရာသီမှာ ဗိုလ်လုပွဲ ၃ ကြိမ် တက်ခဲ့တဲ့ ကလော့ပ်ရဲ့ အသင်းကို လုံးဝ အထင်သေးလို့ မရပါဘူး။

လိဂ်မှာ အခြေအနေ မကောင်းခြင်းကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် လီဗာပူး အားကိုးစရာက ဒီရာသီ ချန်ပီယံလိဂ် အနိုင်ရဖို့ဖြစ်ပါတယ်။ ဥရောပမှာ သမိုင်းကြောင်း အကြီးမားဆုံး အသင်းတွေထဲ ပါဝင်ထားတဲ့ လီဗာပူးဟာ ရီးရဲလ်မက်ဒရစ်ကို ယှဉ်ပြိုင်နိုင်တဲ့ အတွေ့အကြုံနဲ့ လူစာရင်း ရှိထားပါတယ်။

4. Real Madrid (10/1)

မနှစ်က ဗိုလ်စွဲဖို့ ရေပန်းစားမှုမှာ အဆင့် ၈ သာ ရခဲ့ပေမယ့် စပိန်အသင်းဟာ ပီအက်စ်ဂျီ၊ ချယ်ဆီး၊ မန်စီးတီး၊ လီဗာပူးတို့ကို အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ရီးရဲလ်တို့ဟာ အဆုံးထိ လျှောက်လှမ်းနိုင်တဲ့ အရည်အသွေးရှိပြီးသားပါ။

သူတို့ဟာ လာလီဂါမှာ ဘာစီလိုနာရဲ့နောက် ၁၁ မှတ် ကွာဟနေပြီး မကြာသေးမီက ခြေစွမ်းကျဆင်းမှုတွေကြောင့် ချန်ပီယံလိဂ်ဖလား ရေပန်းစားမှုမှာ အဆင့် ၄ နေရာမှာသာ ရှိပါတယ်။ မနှစ်က ဗိုလ်လုပွဲပြိုင်ဘက် လီဗာပူးနဲ့ ၁၆သင်းအဆင့်မှာ တွေ့ရတော့မှာပါ။ အနိုင်ရမယ့် အသင်းက ရေပန်းစားမှု ပိုများလာပါလိမ့်မယ်။

3. PSG (8/1)

အမ်ဘာ၊ မက်ဆီ၊ နေမာတို့ ရှိနေတာကြောင့် အများက သူတို့ကို ရေပန်းအစားဆုံး ထင်နေကြမှာပါ။ ကြောက်စရာ တိုက်စစ်သုံးယောက်အပြင် သူတို့မှာ ကောင်းမွန်တဲ့ ခံစစ်လေးယောက်လည်း ရှိပါတယ်။ အုပ်စုအဆင့်မှာ ပထမ မရခဲ့တာကြောင့် ၁၆သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ရတော့မှာပါ။

ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ် အောင်မြင်မှု အတွေ့အကြုံ ကင်းမဲ့ခြင်းကြောင့် ဒီတစ်ကြိမ် အောင်နိုင်မယ်လို့ ယုံကြည်မှုတွေ အရမ်းတော့ မမြင်မားနေပါဘူး။ မက်ဆီ၊ ဘတ်ပီနဲ့ နေမာတို့ကြောင့် တတိယရေပန်းအစားဆုံး အသင်းနေရာမှာ ရှိနေပေမယ့် သူတို့ ရင်ဆို်င်ရမှာက ဘိုင်ယန်မြူးနစ် ဖြစ်နေတာ ဆိုးတာပါပဲ။

2. Bayern Munich (13/2)

ရင်ဆိုင် ယှဉ်ပြိုင်ဖို့အတွက် ရှိန်လောက်စရာ ကောင်းနေတာမို့ တခြားအသင်းတွေဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကို ရှောင်ချင်ကြတာပါ။ သူတို့ဟာ ဘောလုံးရာသီတိုင်း ပုံမှန်နီးပါး ကွာတားဖိုင်နယ်တော့ ရောက်လေ့ရှိပါတယ်။ လွယ်လွယ်ကူကူနဲ့ အုပ်စုဗိုလ် ဖြစ်ခဲ့ပေမယ့် ကံမကောင်းစွာ နောက်တဆင့်မှာ ပီအက်စ်ဂျီနဲ့ တွေ့နေတာပါ။

အုပ်စု ၆ပွဲလုံးကို အနိုင်ရခဲ့တာကြောင့် သူတို့ရဲ့ ဒီရာသီ ချန်ပီယံလိဂ်မှတ်တမ်းက လုံးဝပြီးပြည့်စုံနေပါတယ်။ ဘိုင်ယန်ဟာ ဒီပြိုင်ပွဲမှာ ၁၈ဂိုးသွင်းပြီး ၂ဂိုးသာ ပေးခဲ့ရတာပါ။ ဇန်နဝါရီမှာ ကန်ဆယ်လိုကိုလည်း အားဖြည့်ထားတယ်။ သူတို့က ဥရောပမှာ ဘာကြောင့် ကြောက်စရာအကောင်းဆုံး အသင်းတစ်သင်း ဖြစ်နေလဲဆိုတာ သိသာနေတယ် ထင်ပါတယ်။

1. Manchester City (7/4)

စီးတီးဟာ ဒီရာသီမှာ ခြေစွမ်း မတည်ငြိမ်ပေမယ့် ရှိန်လောက်စရာ လူစာရင်းနဲ့ စွမ်းဆောင်ရည်တော့ ရှိထားဆဲ ဖြစ်ပါတယ်။ သူတို့ဟာလည်း ဥရောပမှာ သမိုင်းကောင်း မရှိထားဘဲ ၂၀၂၁ ဖိုင်နယ်မှာ ချယ်ဆီးကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နွေမှာ မန်စီးတီး ခေါ်ယူထားတဲ့ ဟာလန်းဟာ ဒီရာသီ အထူးခြေစွမ်းပြနေသလို ဒီဘရိုင်းကလည်း ထိပ်တန်းအဆင့်မှာ ကစားနေတာပါ။ မန်စီးတီးဟာ သူတို့သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ် ဒီရာသီ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ တကယ့် အခွင့်အရေး ရှိနေပြီလို့ပြောရင် လွန်မယ်မထင်ပါဘူး။