မန်ချက်စတာ ယူနိုက်တက်ဟာ ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရခဲ့ပေမယ့် ဇန်နဝါရီမှာ လူသစ်ခေါ်ယူလိုတဲ့ နည်းပြတန်ဟက်က သူ့ရဲ့ ပလန်တွေကို ပြောင်းလဲလိုခြင်း မရှိသေးပါဘူး။
ယူနိုက်တက်ဟာ ဘုန်းမောက်ကို အင်အားကောင်းကောင်းဖြင့် ယှဉ်ပြိုင်ခဲ့ပြီး ထိပ်ဆုံးလေးသင်းထဲဝင်ဖို့ အခွင့်အရေးကို မြှင့်တင်နိုင်မယ့် နောက်ထပ် နိုင်ပွဲတစ်ပွဲ ရရှိသွားခဲ့ပါတယ်။ ကာဆီမီရို၊ လုခ်ရှော၊ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ယူနိုက်တက်ဟာ ကမ္ဘာ့ဖလားအပြီး လေးပွဲလုံးကို အနိုင်ရရှိခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီဆောင်းရာသီမှာ အငှားခေါ်ယူမှုတွေပဲ လုပ်ခွင့်ရထားပေမယ့် ထိပ်ဆုံး ၄ သင်း ဝင်ခွင့် အခြေအနေ ကောင်းနေလို့ နည်းပြတန်ဟက်အတွက် လက်ဆောင်အဖြစ် လူသစ်ခေါ်ယူရေးအတွက် အသုံးစရိတ် ချပေးမယ်လို့ သတင်းထွက်လာနေတယ်။
ပြီးခဲ့တဲ့လက ရော်နယ်ဒိုနဲ့ လမ်းခွဲခဲ့တဲ့ ယူနိုက်တက်ဟာ နံပါတ် ၉ တစ်ဦး အားဖြည့်ဖို့ လိုအပ်ကြောင်း နည်းပြတန်ဟက်က သတိပေးထားတာပါ။ ဒါပေမယ့် အခုတော့ ဗန်ဒီဘိခ်ပါ ဒဏ်ရာရခဲ့တာမို့ ဇန်နဝါရီမှာ လူသစ်ရရင် သေချာပေါက် တိုက်စစ်သမားဖြစ်ဖွယ်တော့ ရှိမှာ မဟုတ်ပါဘူး။

သရဲနီဟောင်း နဗီးကလည်း ‘ ယူနိုက်တက်က စုစည်းမိနေပါပြီ။ ဘယ်ကစားသမား လိုချင်ပါတယ်လို့ တောင်းဆိုရလောက်အောင် တန်ဟက်ရဲ့ အခြေအနေက အားကောင်းနေပါပြီ။ ဘုတ်အဖွဲ့က သူ့အတွက် တိုက်စစ်သမား တစ်ဦး ခေါ်ယူပေးဖို့ လိုအပ်နေပါပြီ။
ယူနိုက်တက်က ပိုသန်မာလာပါပြီ။ သူတို့က အာဆင်နယ်ထက် ကစားသမား အင်အားတောင့်ပါတယ်။ အာဆင်နယ်က ခံစစ်မှူး တစ်ယောက်လောက် ဒဏ်ရာရရင် အားနည်းသွားနိုင်ပေမယ့် ယူနိုက်တက်ကတော့ လူစာရင်း တောင့်တင်းပါတယ်။
အဝေးကြီး သွားရဦးမှာပါ။ လာမယ့် သီတင်းပတ် အနည်းငယ်က စိတ်ဝင်စားစရာ ဖြစ်လာလိမ့်မယ်။ ယူနိုက်တက်က စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံပြီး အာဆင်နယ်ကို အဝေးကွင်း သွားကစားရပါမယ်။ အဲ့ပွဲက ပြီးခဲ့တဲ့ အပတ်တွေကထက် ပိုသိလာရပါမယ် ’ လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။
