စီးတီးနဲ့ တူတဲ့ ဘရာဇီး၊ အာဂျင်တီးနား ပြုတ်ပြီ ဆိုတဲ့ ပေါမာဆန်ရဲ့ ဒီည ကွာတားဖိုင်နယ် ပွဲတွေ အတွက် သုံးသပ် ခန့်မှန်းချက်

ဒီ သောကြာနေ့ညမှာ ယှဉ်ပြိုင် ကစားကြမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်တွေ အတွက် ဂန်းနားဟောင်းကြီး ပေါမာဆန်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

Croatia vs Brazil

နေမာ ပြန်လာတာက ဘရာဇီးအတွက် အင်အားကြီး တစ်ရပ်ပါ။ ကျနေ်ာက သီယေဂို ဆေးလ်ဗားရဲ့ ပရိသတ်လည်း ဖြစ်တယ်။ သူက ဒီကမ္ဘာ့ဖလားမှာ သိပ်ထူးချွန်စွာ လုပ်ပြထားတယ်။ ဘရာဇီး ဒီနှစ် ကမ္ဘာ့ဖလား ဗိုလ်စွဲဖို့ ဆိုရင် သီယေဂို ဆေးလ်ဗားရဲ့ အကောင်းဆုံး အနေအထားကို လိုအပ်တယ်။

ရစ်ချာလီဆန်ကလည်း ကောင်းနေတယ်၊ သူ ဒါကို ဆက်ထိန်းထားရမှာ။ ကျနော်က ပွင့်ပွင့်လင်းလင်း ပြောရရင် သူ့ကို သိပ် မကြိုက်ပါဘူး။ အခုထက် ကောင်းအောင်လည်း သူ ပိုလုပ်နိုင်သေးတယ်လို့ ထင်တယ်။ သူက ဘရာဇီး အတွက် ပွဲတိုင်း ကစားရမယ့် သူ ဖြစ်လို့ တာဝန်ကြီးလည်း ရှိနေတယ်။

ခရိုအေးရှားမှာလည်း မိုဒရစ်နဲ့ ကိုဗာဆစ် တို့လို့ အထင်ကြီးလောက်ဖွယ် ကစားသမားတွေ ရှိတယ်။ ဒါပေမယ့် သူတို့ ဂျပန်နဲ့ ပွဲမှာ အတော် ရုန်းလိုက်ရတယ်။ Josko Gvardiol က ထူးရှယ် ဗဟိုခံစစ်သမား ဖြစ်လာတယ်။ သူ့ကို အတော် သဘောကျတယ်။

ဘရာဇီး နဲ့ ယှဉ်မယ် ဆိုရင် အချိန်ကိုက် မှန်ကန်တဲ့ ပေးပို့မှုတွေ လုပ်မှ ရမယ်။ သူတို့က အခွင့်အရေးတွေတော့ ပေးမှာပဲ၊ အဲဒီလို အချိန်မှာ အချိန်ကိုက် လှုပ်ရှားရမှာ။ သူတို့ကို ကြည့်ရတာ မန်ချက်စတာ စီးတီးကိုတောင် သတိရမိတယ်။ အရမ်းကောင်းတဲ့ အသင်း ဖြစ်တယ်၊ ကိုယ်သာ လုပ်ရဲရင် အခွင့်အရေးတွေ ရလာချိန်မှာ သူတို့ကို ဒုက္ခပေးရမှာပဲ။ ခရိုအေးရှားကလည်း အကောင်းဆုံး လူစာရင်း ရှိပါတယ်။ ဒါပေမယ့် နိုင်ပွဲရဖို့တော့ အလှမ်းဝေးလွန်းတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ ခရိုအေးရှား 0-2 ဘရာဇီး

Netherlands vs Argentina

ဒီပွဲက သိပ် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ နယ်သာလန်က အာဂျင်တီးနားကို ကောင်တာကနေ အကြိမ်များစွာ ထိုးဖောက်တော့မှာ မြင်ယောင်နေတယ်။ USA နဲ့ ပွဲတုန်းကလိုသာ လှုပ်ရှားနိုင်ရင် သူတို့ အာဂျင်တီးနား ကို ပြသနာတွေ အများကြီး ပေးနိုင်တယ်။

မက်ဆီက သြစတေးလျနဲ့ ပွဲမှာ အတော် ကောင်းခဲ့တယ်။ သူက ကစားသမားဘဝ နောက်ဆုံး ကာလထဲ ရောက်နေပါပြီ။ ဒီကမ္ဘာ့ဖလား က သူ့ရဲ့ နောက်ဆုံး ဖြစ်ဖို့ များနေပြီ။ သူ ကစားပုံကတော့ သိပ်ကို အားရစရာပဲ။ ဒီပွဲမှာလည်း သူ ရှေ့ထွက် လုပ်ပြရဦးမှာပါ။

ဒီပွဲက အာဂျင်တီးနား အတွက် ခက်ခဲတဲ့ ပွဲ ဖြစ်ပါလိမ့်မယ်။ အခြေအနေတွေက သူတို့ ဘယ်လို ခံစစ် ကစားနိုင်သလဲနဲ့ ဘောလုံး ဘယ်လောက် ဆုံးရှုံးမလဲ အပေါ် မူတည်သွားမယ်။ သူတို့မှာ မတည်ငြိမ်တဲ့ ခံစစ်သမားတချို့ကလည်း ရှိနေတယ်။ ဒီတော့ ဒီပွဲမှာ သွင်းဂိုးတွေကတော့ မြင်ရဦးမှာပဲ။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ နယ်သာလန် 2-2 အာဂျင်တီးနား၊ ပင်နယ်တီ အဆုံးအဖြတ်မှာ နယ်သာလန် အနိုင်။