ဒီနေ့ ဒီဇင်ဘာလ ၄ ရက်၊ တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင် ကစားကြမယ့် ကမ္ဘာ့ဖလား ရှုံးထွက် အဆင့် ပွဲစဉ်တွေ အတွက် ဘီဘီစီ မှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
France v Poland (တနင်္ဂနွေနေ့ ည ၉ နာရီ ခွဲ)
ကျနော် အခုထိ သူတို့ကို ကြည့်ခဲ့ရသမျှကတော့ ပိုလန်ကသာ ပြင်သစ်ဘက် တဝက်လောက် ထိ တက်ဖိနိုင်ရင် သူတို့ ကံကောင်းတာပါပဲ။ သူတို့က ဘောလုံးကို မထိနိုင်ရင် ရှေ့မှာ သီးသန့်ကြီး ဖြစ်နေတဲ့ လီဝန်ဒေါစကီး ဆီ ဘောလုံး မပို့နိုင်ပါဘူး။ ပိုလန်တွေက လေးလေးကြီးပါ၊ သူတို့ Group C ကနေ တက်လာတာကတောင် အတော် ကံကောင်းလှပြီ လို့ ကျနော် ထင်တယ်။
ပြင်သစ်ကလည်း စွမ်းဆောင်ရည် မကောင်းတဲ့ အခိုက်အတန့်တွေ ထ ထ ပေါ်တတ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ရှော့ခ် ရစရာတွေက ပေါ်လာတတ်တယ် ဆိုတာ ကျနော် သိတယ်၊ ဒါပေမယ့် ဒီပွဲကတော့ ဖြစ်နိုင်စရာ ရလဒ်က တမျိုးတည်းပါ။
ဆက်တန် ခန့်မှန်းရလဒ်။ ။ France 4-0 Poland
England v Senegal (တနင်္ဂနွေနေ့ ည ၁ နာရီ ခွဲ)
ကျနော် ကြာသပတေးနေ့က အင်္ဂလန် အသင်း လေ့ကျင့်တာကို သွား ကြည့်ခဲ့သေးတယ်။ ဒီ လေ့ကျင့်မှုကနေပဲ ခံစားမိလာရတာကတော့ ဒီပြိုင်ပွဲမှာ သူတို့ အတော် ဝေးဝေး ဆက်သွားဦးမယ် ဆိုတာပဲ။
သူတို့ အခွင့်အရေးတွေ ရမယ် ဆိုတာ ကျနော် သေချာကြီး ယုံကြည်ေ်နပေမယ့် ဆီနီဂေါကလည်း အင်္ဂလန် အသင်းကို လွယ်လွယ် ကျော်ဖြတ်ခွင့် ပေးမှာ မဟုတ်ဘူး။
အာဖရိက ချန်ပီယံတွေဟာ နယ်သာလန်နဲ့ ပွဲတုန်းက အတော် စိတ်ပျက်စရာ ကစားခဲ့ပေမယ့် သူတို့သာ တကယ် ထ လုပ်ရင် အီကွေဒေါကို ရင်ဆိုင်တဲ့ ခြေမျိုး ထွက်ပါတယ်။
အင်္ဂလန်ရဲ့ ပွဲထွက် ၁၁ ယောက်က စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်၊ ဒီအတွက် စကားရည်လုတာတွေကလည်း အမြဲ ရှိနေတယ်။ ဘယ်သူပဲ ပွဲထွက်လာသည် ဖြစ်စေ အရန်ခုံမှာ အင်အား ပိုကောင်းနေတာက ဂါရတ် ဆောက်ဂိတ် အသင်း အတွက် ခြားနားမှု ဖြစ်သွားနိုင်တယ် လို့ ကျနော် ထင်တယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ England 2-1 Senegal
