အမ်ဘတ်ပီထက် ပိုကောင်းနေတဲ့ ပြင်သစ်အသင်းက ဆရာကြီး နှစ်ဦးကို အီဗရာ ဖော်ထုတ်

ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား မျှော်လင့်ချက်တွေဟာ ပီအက်စ်ဂျီကြယ်ပွင့် ကီလီယမ် အမ်ဘတ်ပီရဲ့ ပုခုံးပေါ်မှာ တည်ရှိနေတယ်လို့ အများက ထင်ထားကြပါတယ်။

ဘာပေဟာ ပြင်သစ်အတွက် ရှုံးထွက်တစ်နေရာ သေချာစေခဲ့တဲ့ ဒိန်းမတ်ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ နှစ်ဂိုးလုံး သွင်းခဲ့တာအပါအဝင် ကာတာ ကမ္ဘာ့ဖလားမှာ ၃ဂိုး သွင်းယူပေးခဲ့ပြီး နိုင်ငံအသင်းအတွက် စုစုပေါင်း ၆၂ပွဲမှာ ၃၁ဂိုးအထိ ရရှိထားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ပြင်သစ် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ်အီဗရာကတော့ ဒက်ချမ့်ရဲ့ အသင်းမှာ ဘတ်ပီထက် ပိုလုပ်ပြနေတဲ့ ကစားသမားတွေ ရှိနေသေးတယ်လို့ ယုံကြည်နေပါတယ်။

“ ဒမ်ဘီလီက ဘတ်ပီထက် ပိုလုပ်ပြနေပါတယ်။ ဒမ်ဘီလီက နောက်ခံလူတိုင်းကို ဖျက်ဆီးနေတာပါ။ ကျွန်တော့်အမြင်အရ သူက ဒီပြိုင်ပွဲမှာ ပြင်သစ်အတွက် အကောင်းဆုံး ကစားသမားပဲ။ အန်တိုနီ ဂရစ်ဇ်မန်းကိုလည်း ကျွန်တော် အထင်ကြီးမိပါတယ်။ သူလဲ အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။

အမ်ဘတ်ပီလား။ ကျွန်တော်ကတော့ သူ့နဲ့ ပတ်သက်လို့ မအံ့ဩမိပါဘူး။ သူက စံချိန်တွေ ချိုးနေတယ်။ အခုလည်း ၃ဂိုး သွင်းထားပြီးပြီ။ ဒါပေမယ့် ဒမ်ဘီလီက အချိန်တိုင်း ခြိမ်းခြောက်နိုင်နေသူ ဖြစ်ပါတယ်။

သူဘောလုံးရသွားတိုင်း ပြိုင်ဘက်တွေကို ဒုက္ခပေးတယ်။ ပြိုင်ပွဲမှာ ကြံ့ခိုင်မှု ပြည့်ဝနေပါစေ ဆိုပြီး ကျွန်တော် မျှော်လင့်မိတဲ့ ကစားသမားပဲ။ ဘာလို့လဲဆိုတော့ သူက ပြင်သစ်ရဲ့ အခြိမ်းခြောက်နိုင်ဆုံး ကစားသမား ဖြစ်နေတာကြောင့်ပါ ” လို့ အီဗရာက ဆိုပါတယ်။

ပြင်သစ်ဟာ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲမှာ ပိုလန်နဲ့ တွေ့ဆုံရမှာပါ။ ကွန်တေနဲ့ ပေါ့ဘာတို့ မပါဝင်နိုင်ချိန်မှာ ကွင်းလယ်နေရာတစ်ခုမှာ အတော်လေးကြီးမားတဲ့ တာဝန်တွေကို ကိုင်တွယ်နေတဲ့ ဂရစ်ဇ်မန်းနဲ့ ပတ်သက်ပြီး အီဗရာက ထောက်ပြပါတယ်။

“ အခုချိန်မှာ ကျွန်တော့်အတွက် အဓိက ကစားသမားက ဂရစ်ဇ်မန်းပဲ။ သူက ကွန်တေလိုမျိုး ဖျက်ထုတ်မှုတွေ လုပ်နေတယ်။ သူက ပုံမှန်ဆိုရင် အဲ့လိုမျိုးတွေ လုပ်တတ်တဲ့သူ မဟုတ်ပါဘူး။

ဒိန်းမတ်နဲ့ပွဲမှာဆို ကျွန်တော် ဝိုးခနဲ ဖြစ်သွားတာ။ သူက အရမ်း ကောင်းခဲ့တာလေ။ ဒါတောင်မှ လုံလောက်တဲ့ ဂုဏ်ပြုချီးကျူးမှု မရခဲ့ပါဘူး။ လူတွေက ဘတ်ပီ အကြောင်းပဲ ပြောနေခဲ့တယ်။ သူက ဂိုးသွင်းခဲ့တာကိုး။ ဒါပေမယ့် ဂရစ်ဇ်မန်းက နေရာတိုင်းမှာ ရှိနေခဲ့တာပါ။

ဂရစ်ဇ်မန်းက နောက်ပြန်ပြေးတယ်၊ ဖျက်ထုတ်တယ်၊ ဘောလုံးကို ငြိမ်နေအောင် ထိန်းတယ်၊ အမြင့်ဘောတွေ ခေါင်းနဲ့တိုက်တယ်၊ တကယ်ကို ပါးပါးနပ်နပ် ကစားခဲ့တာပါ။ ဒါကြောင့် ကျွန်တော့်အဖို့ ပြင်သစ်အတွက် အဓိက ကစားသမားက ဂရစ်ဇ်မန်းပါပဲ ” လို့ အီဗရာက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။