ဘရာဇီးနဲ့ အာဂျင်တီးနားကို ရှောင်ချင်လို့ စပိန်တို့ ဉာဏ်များခဲ့ကြောင်း ရီးရဲလ်မက်ဒရစ် ဂန္တဝင်ကြီး ရှင်းပြ

ရီးရဲလ်မက်ဒရစ်နဲ့ မက္ကဆီကို ဂန္တဝင်ကြီး ဟူဂို ဆန်းချက်စ်က စပိန်အသင်းတို့ ဂျပန်အသင်းကို အရေးနိမ့်ပြီး အု့ပ်စု ဒုတိယနေရာ ရယူသွားခြင်းဟာ တမင်တကာ ရွေးချယ်ခဲ့တာပါလို့ မှတ်ချက်ပေးလိုက်ပါတယ်။

အုပ်စုတွင်း နောက်ဆုံးပွဲမှာ စပိန်တို့ ဂျပန်ကို အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့တာကြောင့် အုပ်စုဗိုလ်နေရာကို မရခဲ့ပါဘူး။ ဒါပေမယ့်လို့ ဒုတိယနေရာ ရခဲ့တာကြောင့်ပဲ ရှုံးထွက် အဆင့်တွေမှာ အာဂျင်တီးနား၊ ဘရာဇီးတို့ဘက်ခြမ်း မကျဖို့ကို ရှောင်ရှားနိုင်ခဲ့ပြီး ရှုံးထွက်အဆင့်တွေမှာ ပိုမို လွယ်ကူတဲ့ ဘက်ခြမ်းထံ ရောက်ရှိခဲ့ပါတယ်။

ပွဲအပြီးမှာ အန်ရီကေးက သူတို့ အုပ်စုအဆင့်ကနေ ထွက်လုဖြစ်ခဲ့တာကို မသိကြောင်းနဲ့ ဂျပန်ကို အရေးနိမ့်ရင် ဘယ်လို အတွဲကျမယ်ဆိုတာ မသိခဲ့ဘူးလို့ ငြင်းဆန်ခဲ့တယ်။ လာလီဂါဖလား ၅ ကြိမ် အနိုင်ရ တိုက်စစ်မှူးဟောင်း ဟူဂို ဆန်းချက်စ်ကတော့ စပိန်တို့ဟာ စွန့်စားဖို့ ထိုက်တန်တဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာလို့ ယုံကြည်နေပါတယ်။

” ကျနော် သေချာပေါက် ပြောရဲတယ်။ ကျနော်က စပိန်အသင်းသား မဟုတ်သလို နည်းပြ လူးဝစ် အန်ရီကေး ဘာတွေးနေတယ်ဆိုတာကို မသိနိုင်ပါဘူး။ ဒါပေမယ့် သူက ကွာတားဖိုင်နယ် အဆင့်မှာ ဘရာဇီးအသင်းကို ရှောင်နိုင်ဖို့ အကောင်းဆုံး နည်းလမ်းကို တွေးခဲ့တာပါ။

ဟုတ်ပါတယ်၊ သူရွေးချယ်လို်က်တဲ့ နည်းလမ်းက အန္တရာယ်တော့ များပါတယ်။ ဒါပေမယ့် စွန့်စားဖို့ ထိုက်တန်တာပဲလေ။ ဒါက ဘရာဇီးကို ကြောက်ရွံ့နေတာ ဆိုတာထက် သူတို့အပေါ် လေးစားမှုရှိတာမျိုးပါ။

နည်းပြကတော့ ဒီလို ကိစ္စကို ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ပါဘူး။ ဘယ်နည်းပြကမှ ကျနော်တို့ ပြိုင်ဘက်ကို အနိုင်ယူခွင့် ပေးလိုက်တာပါလို့ ပြောမှာ မဟုတ်ပါဘူး ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

၁၆ သင်းအဆင့်မှာ မိုရိုကိုနဲ့ ယှဉ်ပြိုင်ရမယ့် စပိန်ဟာ အနိုင်ရမယ်ဆိုရင် ကွာတားအဆင့်မှာ ပေါ်တူဂီ vs ဆွစ်ဇလန်တို့ အတွဲကနေ တက်လာမယ့် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဆီမီးမှာတော့ ပြင်သစ် ဒါမှမဟုတ် အင်္ဂလန်နဲ့တွေ့ဖွယ်ရှိပြီး ဗိုလ်လုပွဲအတွက် လမ်းကြောင်းကောင်းကို မှန်းဆထားနိုင်တာပဲ ဖြစ်ပါတယ်။