BREAKING: ဒူးဒဏ်ရာတွေကြောင့် ဘရာဇီး အသင်းသား (၂) ဦး ကမ္ဘာ့ဖလား ပွဲစဉ်အားလုံး လွဲချော်ပြီ

ဘရာဇီး တိုက်စစ်မှူး ဂျေးဆုနဲ့ ဘယ်အစွန်လူ တဲလက်စ်တို့ နှစ်ဦးလုံးဟာ ဒဏ်ရာ ပြဿနာတွေကြောင့် ကမ္ဘာ့ဖလား လက်ကျန်ပွဲ အားလုံးကို လွဲချော်ခဲ့ပြီလို့ သိရပါတယ်။

ကမ္ဘာ့ဖလား ၅ ကြိမ် အနိုင်ရ ဘရာဇီးအသင်းဟာ အုပ်စုဗိုလ်အဖြစ် တက်လာခဲ့ကာ ၁၆ သင်းအဆင့်မှာ တောင်ကိုးရီးယားအသင်းနဲ့ ထိပ်တိုက်တွေ့နေတာပါ။ ဒါပေမယ့် တနင်္လာနေ့ပွဲမှာ ယှဉ်ပြိုင်ရမယ့် ရှုံးထွက်အဆင့်ပွဲ မတိုင်ခင်မှာပဲ ၎င်းတို့အသင်းရဲ့ အသင်းသား ၂ ဦး ဒဏ်ရာကြောင့် ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်း သိလာရတာ ဖြစ်ပါတယ်။

ကင်းမရွန်းကို အရေးနိမ့်တဲ့ပွဲမှာ တိုက်စစ်မှူး ဂျေးဆုက ဒူးဒဏ်ရာရခဲ့တာပါ။ ကြံ့ခိုင်မှု အခြေအနေကို ဒီကနေ့ စစ်ဆေးမှု လုပ်ခဲ့ရာမှာ ဒဏ်ရာကြောင့် ပြိုင်ပွဲအတွင်း ဆက်လက် ပါဝင်သွားဖို့ မဖြစ်နိုင်တော့ဘူးလို့ ဘရာဇီး အခြေစိုက် သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ် တိုက်စစ်မှူး ဂျေးဆုရဲ့ ညာဘက် ဒူး ဒဏ်ရာဟာ တစ်လခန့် အနားယူရမယ် အခြေအနေလို့ သိရပြီး ကမ္ဘာ့ဖလား အပြင် ကလပ်အဆင့် ပွဲစဉ် အချို့ကိုလည်း လွဲချော်သွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်ကနေ ဆီးဗီးလာအသင်းထံ အငှားထွက်ကစားနေတဲ့ ခံစစ်မှူး တဲလက်စ်ကလည်း ဒူးဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ရမှာဖြစ်ကာ အချိန်အတော်ကြာ အနားယူရမယ်လို့ သိရတာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းမှာ အဓိက တိုက်စစ်မှူး နေမာကလည်း ဆားဘီးယားပွဲမှာ ရခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် တောင်ကိုးရီးယားပွဲကို ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ နည်းပြတီတီကတော့ သူ့ရဲ့ စတား ကစားသမားတွေ ဒဏ်ရာခြင်းနဲ့အတူ ခေါင်းကိုက်စရာ ကိစ္စတွေ ရင်ဆိုင်နေရပြီပဲ ဖြစ်ပါတယ်။