ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည်တွေပါဗျာ ဆိုတဲ့ တောင်ကိုးရီးယား ကြယ်ပွင့် ဆွန်ရဲ့ ရင်ဖွင့်စကား

တောင်ကိုးရီးယားဟာ ဥရောပထိပ်သီး လက်ရွေးစင်တွေထဲက တစ်သင်းဖြစ်တဲ့ ပေါ်တူဂီကို ၂-၁ ဖြင့် အနိုင်ရခြင်းကြောင့် ရှုံးထွက်အဆင့်ထံ တက်ရောက်ခဲ့ပါပြီ။

ရှုံးထွက်မှာတော့ တောင်ကိုရီးယားအသင်းဟာ ဘရာဇီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒီအဆင့်အတွက ရေပန်းစားအသင်းက ဘယ်အသင်းဖြစ်နေမယ်ဆိုတာ ပြောဖို့ လိုနေမှာ မဟုတ်ပါဘူး။

ဆွန်ဟောင်မင်က ‘ ၁၆ သင်းအဆင့် ရှုံးထွက်အဆင့်ထံ တက်ရောက်နိုင်ဖို့က ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။ အခုတော့ ဒီထက်ပိုပြီး မြင့်မြင့်မားမား မျှော်လင့်နေပါပြီ။ ဒီရည်မှန်းချက်တွေအတွက် ကျနော်တို့တွေ အကောင်းဆုံး ကြိုးစားသွားမှာပါ။

ဘောလုံးမှာ ဘယ်သူမှ မသိနိုင်ပါဘူး။ အထူးသဖြင့် ဒီကမ္ဘာ့ဖလားမှာပေါ့။ ဘရာဇီးကို အနိုင်ယူလို့ ရအောင် ကျနော်တို့ အကောင်းဆုံး ပေးဆပ်ပြီး ပွဲအတွက် ပြင်ဆင်သွားပါမယ် ’ လို့ ပြောခဲ့ပါတယ်။

ပွဲအပြီးမှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေတဲ့ ဆွန်က လက်ရွေးစင်အတွက် သူတာဝန် မကျေခဲ့ချိန်မှာ အကောင်းဆုံး ကြိုးစားပေးခဲ့တဲ့ အသင်းဖော်တွေကို ကျေးဇူးတင် ဂုဏ်ယူစကား ပြောပါသေးတယ်။

ငိုကြွေးနေတဲ့ ဆွန်က ” ဒီ မျက်ရည်တွေက ဝမ်းသာလွန်းလို့ ကျလာတဲ့ မျက်ရည်တွေပါ။ ဒီလို ကောင်းမွန်တဲ့ အခိုက်အတန့် အတွက် ကျနော်တို့ အကြာကြီး စောင့်နေခဲ့ရတာ။ ကစားသမားတွေ အနေနဲ့ ကျနော်တို့တွေ အတူတကွ လုပ်နိုင်မယ် လို့ ယုံကြည်ချက်လည်း ရှိခဲ့ပါတယ်။

ကျနော် အကောင်းဆုံး မကစားနိုင်တဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ အဲဒီလို အချိန်တွေမှာ ကျနော့် အတွက် ဖြည့်ကစားပေးခဲ့တဲ့ အသင်းဖော်တွေကိုလည်း ကျနော် ကျေးဇူးတင်တယ်။ ကျနော် တာဝန် မကျေနိုင်တဲ့ အချိန်တွေမှာ အသင်းဖော်တွေ ရှိနေခဲ့ကြတယ်၊ သူတို့အတွက် သိပ်ကို ဂုဏ်ယူမိပါတယ်။

ဒီပွဲက ခက်ခဲမယ်ဆိုတာ အစတည်းက ကျနော် သိခဲ့ပါတယ်။ ထင်ထားတဲ့ အတိုင်းကိုပဲ တကယ် ခက်ခဲတဲ့ ပွဲပါ။ ဒါပေမယ့် ကျနော်တို့ အသင်းသားတွေက လက်လျှော့ အရှုံးမပေးဘဲ ကြိုးစား အလုပ်လုပ်ခဲ့တယ်။ အသင်းဖော်တွေအတွက် ကျနေ်ာ အရမ်း ဂုဏ်ယူတယ်ဗျာ။ သူတို့ အကောင်းဆုံး လုပ်ခဲ့တာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ရှုံးထွက်ကိုတော့ အာရှအသင်း ၃ သင်းဖြစ်တဲ့ ဩစတြေးလျ၊ ဂျပန်၊ တောင်ကိုးရီးယားတို့ ၃ သင်း တက်ရောက်ခဲ့ပါတယ်။ ဒါဟာ ဘောလုံးသမိုင်းမှာ အာရှကလပ်တွေ အများဆုံး ရှုံးထွက်ထိ ရောက်လာခဲ့ခြင်း ဖြစ်ပါတယ်။