အာဂျင် ၅ ဂိုးပြတ်ပြီး နယ်သာလန် သတိထားရမယ့် စနေနေ့ည ရှုံးထွက်ပွဲတွေအတွက် ဆက်တန်ရဲ့ ခန့်မှန်းချက်များ

ဒီကနေ့ည ဒီဇင်ဘာလ ၃ ရက် စနေနေ့မှာတော့ ကမ္ဘာ့ဖလားရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေ စတင်လာတော့မှာ ဖြစ်ပြီး ပွဲစဉ် ၂ ပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

Netherlands v USA (စနေနေ့ ည ၉ နာရီ ခွဲ)

နယ်သာလန် အသင်းက အုပ်စုကနေ အေးဆေး တက်လာခဲ့တာပါ။ ဒါပေမယ့် ကြည့်ရတာတော့ သူတို့မှ အထူးစပါယ်ရှယ် ဘာမှတော့ မရှိပါဘူး။ ပြောရရင် အထင်ကြီးလောက်စရာ ဘာမှ သိပ် လုပ်ပြမထားသေးဘူး။ သူတို့က ဒီကမ္ဘာ့ဖလားမှာ ဗိုလ်စွဲမယ်လို့ ကျနော် ရွေးခဲ့တဲ့တစ်သင်းပါ။ ဒါပေမယ့် အဲဒီလို ဖြစ်ဖို့ ဆိုရင် အခုထက် တိုးတက်ဖို့ လိုပါဦးမယ်။

ဒီပွဲကလည်း သူတို့ တောက်ပ ပြဖို့ထက် နယ်သာလန်က အရင်လိုပဲ နိုင်ပွဲ ရအောင်သာ ရှာဖွေသွားမယ်လို့ ထင်တယ်။ သူတို့ အတွက် အန္တရာယ်ကတော့ အမေရိကန် အသင်းကို သိပ်ကြီး ပေါ့ပေါ့ မတွေးဖို့ပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အင်္ဂလန် အသင်း ပရိသတ် တော်တော်များများကလည်း အမေရိကန်ကို အနိုင်ရမယ် ထင်ခဲ့ပေမယ့် လက်တွေ့ကတော့ အဲဒီလို မဖြစ်လာဘူး။

USA အသင်းက ကောင်းစွာ စုဖွဲ့မှု ရှိတဲ့ အပြင် ငယ်ရွယ်တဲ့ နိုင်ပွဲ ဆာလောင်တဲ့ ကစားသမားတွေ ရှိတယ်၊ သူတို့ ကစားပုံကိုလည်း ကျနော် သဘောကျမိတယ်။ တစ်ခုပဲ ကျနော် စိတ်ပူမိတာက သူတို့အသင်းမှာ ဂိုးသွင်းမယ့် သူ မရှိဘူး။

ပူလီဆစ်ကလည်း ဒီပွဲ ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာပါဘူး။ သူသာ ဒီပွဲကို လွဲမယ် ဆိုရင် သူတို့အတွက် ပြဿနာကြီး ပါပဲ။ ဂိုးပေါက်တွေ့ဖို့တော့ သူတို့ ရုန်းကန်ရမှာပါ။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Netherlands 2-1 USA

Argentina v Australia (စနေနေ့ည ၁နာရီခွဲ)

သြစတြေးလျ အတွက် ဒီ ၁၆သင်း ရှုံးထွက် အဆင့် တက်ရောက်လာတာကိုက သူတို့ ဘောလုံးသမိုင်းမှာ အကောင်းမွန်ဆုံး အခိုက်အတန့်ပါ။ သြဇီတွေက အလန်းစား လုပ်ပြထားခဲ့တယ်။ ကျနေ်ာ သူတို့ကို သိပ်ကြီး ဖေးမ ပြောချင်နေတာ မဟုတ်ဘူး၊ ဒါပေမယ့် သူတို့ ဒီအဆင့် တက်လာတာကိုက အင်္ဂလန် ကမ္ဘာ့ဖလား ဖိုင်နယ် တက်သလို အောင်မြင်မှုမျိုးပါပဲ။

သူတို့ နည်းပြ ဂရေဟမ် အာနိုးလ် အနေနဲ့ အသင်းကို ကောင်းစွာ စုစည်းထားတာ အတွက် ချီးကျူးရမှာပါ၊ ဒါပေမယ့် သူတို့မှာလည်း လုပ်နိုင်စွမ်း အကန့်အသတ် ရှိနေတယ်၊ ဒီအဆင့် ကနေ သူတို့ ရှေ့ဆက်နိုင်မယ် လို့ ကျနော် မထင်တော့ပါဘူး။

ကျနော် အာဂျင်တီးနား ပွဲ တချို့ ကြည့်ထားတယ်၊ ပိုလန်နဲ့ ပွဲမှာရောပဲ။ သူတို့ ကြည့်ရတာ တဖြည်းဖြည်း ခြေတွေ့လာပုံပါ၊ အဲဒီပွဲမှာ ၆ဂိုး ၇ဂိုးလောက်ထိတောင် သွင်းတော့မလိုပါပဲ။

ဒီပွဲ ဂိုးရလဒ်ကိုတော့ ကျနော် အများကြီး ဂိုးပြတ်မယ် မှန်းချင်တယ်။ ဒါပေမယ့် တခု သတိထားရမှာက ဒီပွဲ ဟာ အသင်းတွေ အတွက် သေရင်မြေကြီး ရှင်ရင် ရွှေထီးပဲ။ ဒီတော့ ရေပန်းအစားဆုံး အသင်းနဲ့ တွေ့တယ် ဆိုတာနဲ့ ထိုင်ပြီး ခံစစ် ကစားနေကြမှာတော့ မဟုတ်ဘူး။ အုပ်စု ပွဲတွေတုန်းကလို ဂိုးကွာခြားချက်တွေလည်း ထည့်တွေးစရာ မလိုဘူးလေ။

သြစတေးလျက ဖွင့်တော့ ကစားမှာပါ၊ ဒီအတွက် အာဂျင်တီးနား ဝင် ထိုးဖောက်ဖို့ရာ နေရာလွတ်တွေ ပိုတောင် ရသွားပါလိမ့်မယ်။

ဆက်တန် ခန့်မှန်းရလဒ်။ ။ Argentina 5-0 Australia