ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် တက်ရောက်သွားတဲ့ (၁၆) သင်းနဲ့ ကွာတားဖိုင်နယ် ဖြစ်နိုင်ဖွယ် အတွဲများ

ကာတာမှာ ကမ္ဘာ့ဖလား အုပ်စုအဆင့် ပွဲစဉ်တွေ အားလုံး ယှဉ်ပြိုင်ခဲ့ပြီမို့ ရှုံးထွက်ထံ တက်ရောက်နိုင်မယ့် အသင်း ၁၆ သင်း ပေါ်ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လကနေ စတင်ပြီး လက်ရွေးစင် အသင်း ၃၂ ဟာ အကျိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြရာမှာ အလှည့်အပြောင်းတွေ အများကြီး ပေါ်ထွက်လာခဲ့ပြီး ပြိုင်ပွဲဝင် အသင်း ထက်ဝက်က ထွက်ခွာသွားခဲ့ပါပြီ။

အုပ်စုကနေ လှည့်ပြန်ရတဲ့ အသင်းတွေထဲမှာ အိမ်ရှင် ကာတာနဲ့ ဂျာမနီ၊ ဘယ်ဂျီယံ၊ ဥရုဂွေးလို အသင်းကောင်းတွေလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့်လို့ ကမ္ဘာ့ဖလား စတင်လာခဲ့ကတည်းက ချန်ပီယံဖြစ်မယ် ရေပန်းစားနေတဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ပြင်သစ်၊ စပိန်လို အသင်းတွေကတော့ ရှုံးထွက်ထံ တက်ရောက်နိုင်ခဲ့သလို အသင်းကြီးတွေကို ရှောင်နိုင်နေဆဲ ဖြစ်ပါတယ်။

World Cup last-16 fixtures

  • နယ်သာလန် vs အမေရိကန်
  • အာဂျင်တီးနား vs ဩစတြေးလျ
  • ပြင်သစ် vs ပိုလန်
  • အင်္ဂလန် vs ဆီနီဂေါ
  • ဂျပန် vs ခရိုအေးရှား
  • ဘရာဇီး vs တောင်ကိုးရီးယား
  • မိုရိုကို vs စပိန်
  • ပေါ်တူဂီ vs ဆွစ်ဇလန်

အာရှအသင်း ၃ သင်းဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ပထမဆုံးအဖြစ် ရှုံးထွက်ထံ တက်ရောက်လာခဲ့ပေမယ့် ကွာတားဖိုင်နယ် ရောက်ဖို့ရာ ရေပန်းစားမှု အတော်လေး နည်းပါးနေခဲ့ပါတယ်။ အုပ်စုအဆင့်မှာ ခြေစွာခဲ့တဲ့ ဂျပန်လောက်ပဲ မျှော်လင့်စရာ ရှိနေပြီး တောင်ကိုရီးယားက ဘရာဇီးလို အသင်းနဲ့ ထိပ်တိုက်တွေ့နေတာပါ။

ရှုံးထွက်အဆင့် ပွဲစဉ် ၈ ပွဲအတွက် ဘွန်ကီတွေရဲ့ ပေါက်ကြေး ဖွင့်လှစ်မှုမှာတော့ ကွာတားဖိုင်နယ် အဆင့်ထံ နယ်သာလန်၊ အာဂျင်တီးနား၊ ပြင်သစ်၊ အင်္ဂလန်၊ ခရိုအေးရှား၊ ဘရာဇီး၊ စပိန်၊ ပေါ်တူဂီတို့က တက်ရောက်သွားနိုင်မယ် ရေပန်းစားနေပါတယ်။

ဒါကြောင့် မဲခွဲထားမှုအရ ကွာတားအဆင့်မှာ နယ်သာလန် vs အာဂျင်တီးနား၊ ပြင်သစ် vs အင်္ဂလန်၊ ခရိုအေးရှား vs ဘရာဇီး၊ စပိန် vs ပေါ်တူဂီလို အတွဲကောင်းတွေ ထိပ်တိုက်တွေ့မယ်လို့ ခန့်မှန်းခံလာရတာ ဖြစ်ပါတယ်။

အဆုံးမှာ ၂၀၂၂ ကမ္ဘာ့ဖလား ဖိုင်နယ်အဖြစ် လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းဟာ သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ဘရာဇီးအသင်းနဲ့ ဗိုလ်လုရမယ်ဆိုတဲ့ ရေပန်းစားမှုလည်း စတင် ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။