ဒီကနေ့ သောကြာနေ့ ကမ္ဘာ့ဖလား အုပ်စုအဆင့် နောက်ဆုံး ပွဲစဉ် ၄ ပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
GROUP H
Ghana v Uruguay (သောကြာနေ့ည ၉ နာရီ ခွဲ)
ဒီအုပ်စုက အသင်းတိုင်းရဲ့ ပြဿနာက အုပ်စု ဒုတိယနဲ့ တက်သွားတဲ့ အသင်းဟာ တဖက်က အုပ်စုဗိုလ် ဘရာဇီးနဲ့ ရင်ဆိုင်ရမှာပါပဲ။
ကျနော်ကတော့ ဥရုဂွေး အသင်း အုပ်စု ဒုတိယ ဖြစ်မယ် လို့ အာရုံရနေတယ်။ သူတို့ ပေါ်တူဂီကို ရှုံးတဲ့ ပွဲမှာ အစွမ်းကုန် အားထုတ်ကစားခဲ့တာပါ။ ဒီလို စိတ်အားထက်သန်မှုက ဒီပွဲမှာ ပျော်စရာတွေ ဖြစ်လာနိုင်ပါတယ်၊ ဒါပေမယ့် ဂါနာကလည်း ဂိုးတော့ သွင်းလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Ghana 1-2 Uruguay
South Korea v Portugal (သောကြာနေ့ည ၉ နာရီ ခွဲ)
ပေါ်တူဂီက နောက်တစ်ဆင့် တက်ပြီးသားပါ၊ ဒါပေမယ့် အုပ်စုဗိုလ် နေရာကို ဆုံးရှုံးသွားနိုင်သေးတယ်။ သူတို့ကလည်း နောက်တစ်ဆင့်မှာ ဘရာဇီးနဲ့ တွေ့လိုမှာ မဟုတ်ပါဘူး။ လက်ရှိ ဂိုးကွာခြားချက်က ဂါနာထက် ၃ ဂိုး သာထားပါတယ်။ ဒီတော့ အလောင်းအစား လုပ်တဲ့ အနေနဲ့ ကစားသမား တချို့ကို အနားပေးနိုင်ပါတယ်။
အဲဒီလို လုပ်မယ် ဆိုရင် တောင်ကိုရီးယားကလည်း အခွင့်အရေး ရသွားနိုင်ပါတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ South Korea 1-0 Portugal
- ဆက်တန်ရဲ့ ဒီအုပ်စု H ကနေ ဘယ်အသင်းတွေ တက်မလဲ ရွေးချယ်မှု ကတော့ အုပ်စု ပထမ – ပေါ်တူဂီ၊ ဒုတိယ – တောင်ကိုရီးယား၊ တတိယ – ဥရုဂွေး နဲ့ ဂါနာ က အုပ်စု နောက်ဆုံးအသင်း ဖြစ်ပါတယ်။
GROUP G
Serbia v Switzerland (သောကြာနေ့ ည ၁နာရီခွဲ)
ဒီအသင်းတွေ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တွေ့ကြတုန်းက ဆွစ်ဇာလန်က အုပ်စုဗိုလ်နဲ့ တက်လာတာပါ၊ ဒါပေမယ့် ဒီတခေါက်မှာတော့ ဆားဘီးယားက နောက်တစ်ဆင့် တက်ဖို့ ဆွစ်ကို အနိုင်ကစားမှာ ဖြစ်မှာပါ၊ နိုင်လည်း နိုင်မယ်လို့ ကျနော် ထင်တယ်။
စတပ်မန်း ဒေးဗ်က ဆားဘီးယားကို ဒီပြိုင်ပွဲရဲ့ ဖျက်မြင်း အသင်းလို့ သတ်မှတ်ထားခဲ့တာပါ။ သူက ဘောလုံး အကြောင်း သေချာ သိသူပါ၊ ဒီတချက်လည်း မှားမယ် မထင်ဘူး။ မှားသွားရင်တော့ သူ့ကို ယုံကြည်သူတွေ လျော့သွားလိမ့်မယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Serbia 2-1 Switzerland
Cameroon v Brazil (သောကြာနေ့ ည ၁နာရီခွဲ)
ဆားဘီးယားနဲ့ ဆွစ်ဇာလန် တို့က ဘရာဇီးကို ကန်ထုတ်ဖို့ သေချာ အားစိုက်ခဲ့တာ တွေ့ခဲ့ရတယ်။ နှစ်သင်းလုံးလည်း အတော် တောင့်ခံနိုင်ခဲ့တာ တွေ့ရပါတယ်။
အရင်နှစ်သင်းနဲ့ မတူတဲ့ အချက်ကတော့ ကင်မရွန်းက ဒီပွဲ နိုင်မှ ပြိုင်ပွဲမှာ ဆက်ရှိခွင့် ရမှာပါ။ ဘရာဇီးက အုပ်စု တက်ပြီးသား ဖြစ်လို့ လူစာရင်း အပြောင်းအလဲတွေ လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကင်မရွန်းကသာ ဖွင့် ကစားရင် ခံစားသွားရဦးမှာပါ၊ အခြေအနေတွေကတော့ တဖက်တည်းကိုပဲ ဦးတည်နေတယ်။
ဆက်တန် ခန့်မှန်းရလဒ်။ ။ Cameroon 0-4 Brazil
- ဆက်တန်ရဲ့ ဒီအုပ်စု G ကနေ ဘယ်အသင်းတွေ တက်မလဲ ရွေးချယ်မှု ကတော့ အုပ်စု ပထမ – ဘရာဇီး၊ ဒုတိယ – ဆားဘီးယား၊ တတိယ – ဆွစ်ဇာလန်နဲ့ ကင်မရွန်း က အုပ်စု နောက်ဆုံးအသင်း ဖြစ်ပါတယ်။
