အဆုံးအဖြတ်ပွဲတွေဖြစ်တဲ့ အင်္ဂါနေ့ ပွဲစဉ်တွေအတွက် ခရစ်ဆက်တန်ရဲ့ ခန့်မှန်းများ ထွက်ပါပြီ

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုအဆင့် အဆုံးအဖြတ် ပွဲစဉ်တွေအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲရလဒ် ခန့်မှန်းတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Ecuador v Senegal (အင်္ဂါနေ့ ည ၉နာရီခွဲ)

အီကွေဒေါအသင်းက ဒီပွဲ မရှုံးရင် အုပ်စုက တက်နိုင်မှာပါ။ ဒါပေမယ့် သူတို့ က တိုက်စစ် တက် ကစားရင် ပိုကောင်းပါတယ်၊ နယ်သာလန်နဲ့ သရေကျတဲ့ ပွဲမှာ သူတို့ ကစားခဲ့သလိုမျိုးပေါ့။

တောင်အမေရိက အသင်းအတွက် စိုးရိမ်စရာ တစ်ခုကတော့ လက်ရှိ ကမ္ဘာ့ဖလားမှာ ပြင်သစ်မှ အမ်ဘာပေနဲ့ တန်းတူ ဂိုးအများဆုံး သွင်းသူ အဖြစ် ၃ ဂိုး သွင်းထားတဲ့ အန်နာ ဗလင်စီယာက ဒူးဒဏ်ရာ ရှိနေတာပါ။ သူက အီကွေဒေါ အတွက် သိပ် အရေးကြီးပါတယ်။

ဆီနီဂေါမှာလည်း အန္တရာယ်ပေးနိုင်တဲ့ ကစားသမား တချို့ ရှိပြီး ဒါကို သေချာ သုံးရမှာပါ။ ကျနော်ကတော့ ကာတာမှာ ြ မင်ရတဲ့ အီကွေဒေါ အသင်းကို အတော် သဘောကျနေတယ်။ သူတို့ အရှိန်ကို ဆက်ထိန်းနိုင်မှာပါ။

ဆက်တန် ခန့်မှန်းချက်။ ။ Ecuador 2-1 Senegal

Netherlands v Qatar (အင်္ဂါနေ့ ည ၉နာရီခွဲ)

နယ်သာလန်က အခုထိ သိပ်ကို အစွမ်းမပြနိုင်သေးပါဘူး၊ သူတို့ အီကွေဒေါနဲ့ ပွဲမှာ ကံကောင်းလို့သာ သရေကျခဲ့တာပါ။ ဒီပွဲမှာတော့ နယ်သာလန်က သိပ်ကြီး ဒုက္ခများမယ် မထင်ပါဘူး။ ကာတာက ဒီပြိုင်ပွဲကနေ အစောဆုံး ထွက်ရတဲ့ အသင်း ဖြစ်နေတယ် ဆိုတာ အကြောင်း ရှိလို့ပါ။

ဆက်တန် ခန့်မှန်းချက်။ ။ Netherlands 2-0 Qatar

Wales v England (အင်္ဂါနေ့ ည ၁ နာရီ ခွဲ)

ဆောက်ဂိတ်က ဖီးလ် ဖိုဒန်ကို ပွဲထွက် မရွေးတာက ခုနေ ပြောစရာ အဖြစ်ဆုံး ကိစ္စပါ၊ တကယ်လည်း အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ် ဖြစ်နေပါတယ်။ အင်္ဂလန် အတွက် စိုးရိမ်စရာကတော့ အမေရိကန်နဲ့ ပွဲ အပြီးမှာ သူတို့ အသင်းလိုက် စွမ်းဆောင်ရည်ပါပဲ။

အင်္ဂလန် အနေနဲ့ သူတို့ ကိုယ်ပိုင်ဟန်ကို ပြန် ဖော်ထုတ်ရပါမယ်၊ လုပ်နိုင်လိမ့်မယ် လို့လည်း ကျနော် ယုံကြည်ထားတယ်။ တဖက်မှာ ဝေးစ်ကလည်း သူတို့ ဝါရင့်ကြယ်ပွင့်ကြီးတွေနဲ့ အတူ တစ်ချက် ထ တောက်ပဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဒါတော့ ဖြစ်လာနိုင်မယ် ကျနော် မထင်ဘူး။

ကျနော်က ဝေးစ်ကို ဒီ အုပ်စု B မှာ နောက်ဆုံးအဆင့် ရလိမ့်မယ် ခန့်မှန်းခဲ့ပြီး ဒါက မှန်မယ့် ပုံပါပဲ။ သူတို့ ဂိုးပြတ်တောင် ဒီပွဲမှာ ရှုံးသွားနိုင်ပါတယ်။ ဒါပေမယ့် အင်္ဂလန်က ၃ ဂိုး ရရင် အရှိန်လျှော့မှာပါ၊ သူတို့လည်း ဝေးစ် အတွက် စိတ်မကောင်း ဖြစ်လိမ့်မယ်။

ဆက်တန် ခန့်မှန်းချက်။ ။ Wales 0-3 England

Iran v USA (အင်္ဂါနေ့ ည ၁ နာရီ ခွဲ)

အင်္ဂလန်က ဒီအုပ်စုကနေ တက်မှာပါ၊ ဒါပေမယ့် ၁၆ သင်း အဆင့်မှာ အင်္ဂလန်နဲ့ အတူ ဘယ်အသင်း ပါသွားမလဲ ဆိုတာ ဒီပွဲက အဖြေထွက်မှာပါ။ မှန်းရလည်း ခက်ပါတယ်။

အမေရိကန် အသင်းက အင်္ဂလန်နဲ့ ပွဲမှာ အကောင်းဆုံး ပုံစံတွေ့ရတယ်၊ ဘောလုံးနဲ့ အတူ ရဲရဲရင့်ရင့် ကစားသွားတယ်၊ ဒါပေမယ့် သူတို့မှာက တိုက်စစ်မှုး ရှိပုံ မရဘူး။ အီရန်က အင်္ဂလန် ခြေမှုန်းတာ ခံခဲ့ရပေမယ့် ဝေးစ်နဲ့ ပွဲမှာ သိပ်ကောင်းခဲ့တယ်၊ ဂိုးတောင် ပိုရသွားမယ် ထင်ခဲ့ရတာ။

ဒီပွဲက သရေ လို့ ကျနော် ခန့်မှန်းချင်ပါတယ်၊ အဲဒီလိုသာ ဆိုရင် တဖက်မှာ ဝေးစ်ကသာ အင်္ဂလန်ကို မနိုင်ဘူး ဆိုရင် အီရန် ပဲ အုပ်စုတက်မှာပါ။ ဝေးစ်ကလည်း အဲဒီလို လုပ်နိုင်မယ် မထင်ပါဘူး။

ဆက်တန် ခန့်မှန်းချက်။ ။ Iran 1-1 USA