ယူနိုက်တက်၊ လီဗာပူး တစ်သင်းသင်းကို ဝယ်ယူဖို့ ကိစ္စနဲ့ ပတ်သက်လို့ ဆော်ဒီမင်သား ကြိုဆိုစကားဆို

ဆော်ဒီအာရေးဗျ အားကစား ဝန်ကြီးဖြစ်သူ မင်းသား အဒူလာဇစ်က ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ယူနိုက်တက် ဒါမှမဟုတ် လီဗာပူး တစ်သင်းသင်းကို ဝယ်ယူရေးနဲ့ ပတ်သက်လို့ ကြိုဆိုစကား ထုတ်ပြောလာပါတယ်။

နိုဝင်ဘာအစမှာ လီဗာပူးအသင်းပိုင်ရှင်ဖြစ်တဲ့ Fenway Sports Group ဟာ သူတို့ရဲ့ အဓိကရှယ်ယာတွေကို ရောင်းချဖို့ ပြင်ဆင်ထားကြောင်း ကြေညာခဲ့ပြီး ကလပ်မှာ ၁၂နှစ်တာ အုပ်ချုပ်ခဲ့တဲ့ကာလကို အဆုံးသတ်ဖို့ ပထမဆုံးခြေလှမ်း လှမ်းလာခဲ့ပါတယ်။

ဒီအပတ် အင်္ဂါနေ့ညမှာ မန်ချက်စတာ ကလပ်ကလည်း အနာဂတ် တိုးတက်မှုတွေကို မြှင့်တင်ဖို့အကြောင်း ပြောဆိုခဲ့ပေမယ့် ကလပ်မှာ ရင်းနှီးမြုပ်နှံအသစ် လုပ်ဖို့၊ ရောင်းချဖို့ ဒါမှမဟုတ် တခြားသော အရောင်းအဝယ်တွေ အပါအဝင် ဗျူဟာမြောက် ရွေးချယ်စရာ အားလုံးကို စဉ်းစားသွားမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။

အင်္ဂလန်ကလပ် နှစ်သင်းလုံးရဲ့ ပိုင်ရှင်တွေဟာ သူတို့ ပိုင်ဆိုင်ထားတဲ့ ကလပ်တွေကို ရောင်းချဖို့ လမ်းဖွင့်လာတာလို့ ယုံကြည်ရတာဖြစ်ပါတယ်။ ဒီအခြေအနေအတွက် မေးခံရချိန်မှာ ထိပ်သီးကလပ်တွေကို ဝယ်ယူမယ့် အဖွဲ့တစ်ခု ဆော်ဒီကနေ ပေါ်ထွက်လာရင် အာဏာပိုင်ဘက်က ထောက်ပံ့မှုပေးမယ့် သဘော ပြောဆိုလာတယ်။

ဆော်ဒီမင်းသား အဒူလာဇစ်က “ ပရီးမီးယားလိဂ်က ဆော်ဒီမှာ လူကြည့်အများဆုံးဖြစ်ပြီး ဒီမှာ သူတို့ ပရိသတ်တွေ အများကြီးရှိပါတယ်။ ပုဂ္ဂလိက အပိုင်းတွေကနေ ကျွန်တော်က သူတို့ကိုယ်စား ပြောပေးလို့ မရပါဘူး။ ဒါပေမယ့် သူတို့တွေမှာ ဘောလုံးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုတွေ အများကြီး ရှိပါတယ်။

ဆော်ဒီကနေ ပုဂ္ဂလိကအဖွဲ့ တစ်ခုခုက ဆွေးနွေးမှုထဲ ဝင်လာရင်တော့ ကျွန်တော်တို့ သေချာပေါက် ထောက်ပံ့ပေးသွားမှာပါ။ ဘာလို့လဲဆိုတော့ ဒါက နိုင်ငံအတွင်း အားကစားအပေါ် အပြုသဘောဆောင်တဲ့ သက်ရောက်မှုဖြစ်လိမ့်မယ် ဆိုတာ ကျွန်တော်တို့ သိပါတယ် ” လို့ မင်းသားက ပြောပါတယ်။

ဆော်ဒီအာဏာပိုင်တွေ ကျောထက်နောက်ခံ ပြုထားတဲ့ Public Investment Fund (PIF) ဟာ နယူးကာဆယ်မှာ ရင်းနှီးမြုပ်နှံမှုတစ်ခု လုပ်ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် သူတို့အဖွဲ့က နောက်ထပ် ပရီးမီးယားလိဂ် တစ်သင်းကို ဝယ်ယူဖို့ဆိုရင် အကန့်အသတ် ရှိနေမှာဖြစ်ပါတယ်။

ဒါပေမယ့်လို့ အင်္ဂလန်ကလပ် နှစ်သင်းထဲ ဘယ်အသင်းပဲ ပိုင်ရှင်သစ်ရသွားပါစေ အရောင်းအဝယ် ဖြစ်မြောက်ခဲ့ရင် ဒီနှစ်အစောပိုင်းက တော့ဒ်ဘိုးလီနဲ့အဖွဲ့ ဝယ်ယူထားတဲ့ ချယ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ဘောလုံးသမိုင်းမှာ ဈေးအကြီးဆုံး ဝယ်ယူမှု ဖြစ်လာမှာ သေချာပါတယ်။