ဂလေဇာတွေပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပိုင်ရှင်သစ် ဘယ်သူဖြစ်လာမလဲ

ဂလေဇာမိသားစုဟာ ကလပ်ကို ရောင်းဖို့ဆန္ဒရှိတဲ့အကြောင်း ကြေညာခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်ပရိသတ်တွေ စောင့်ဆိုင်းနေခဲ့ရတဲ့ သတင်းကို နောက်ဆုံးတော့ ပေးလိုက်ပြီ ဖြစ်ပါတယ်။

အများကြိုက်မဟုတ်တဲ့ အမေရိကန်တွေဟာ ၂၀၀၅ ခုနှစ်မှာ ပေါင်သန်း ၇၉၀ နဲ့ ယူနိုက်တက်ကို ဝယ်ယူခဲ့တာဖြစ်ပါတယ်။ အခုတော့ အသင်းကို အနည်းဆုံး ပေါင် ၅ ဘီလျံနဲ့ ရောင်းချချင်နေတာပါ။

ဒီအပတ် သတင်းတွေအရ နည်းပညာကုမ္ပဏီ Apple နဲ့ သရဲနီဟောင်း ဒေးဗစ်ဘက်ခမ်းတို့ကပါ ယူနိုက်တက်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ နောက်လာမယ့် အသင်းပိုင်ရှင်သစ်က ဘယ်သူဖြစ်မလဲ။

ဂျင်ရက်ကလစ်ဖ်

ဗြိတိန်ရဲ့အချမ်းသာဆုံးဖြစ်တဲ့ ရတ်ကလစ်ဖ်ဟာ နွေရာသီမှာ ချယ်ဆီးအတွက် ကမ်းလှမ်းမှု လုပ်ခဲ့ပါသေးတယ်။ အဲ့ဒီ့မှာ သူဟာ Raine Group နဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်ခဲ့တာဖြစ်ပြီး အခု ယူနိုက်တက်ကို ရောင်းချပေးမယ့် သူတွေကလည်း Raine Group ပဲ ဖြစ်ပါတယ်။

လီဂူးဝမ်းကလပ် နိုက်စ်ရဲ့ အသင်းပိုင်ရှင်ဖြစ်တဲ့ ရတ်ကလစ်ဖ်ဟာ ‘နွေရာသီမှာ အသင်းကို ရောင်းချမယ်လို့ ပြောခဲ့ရင် ကျွန်တော်တို့က ချယ်ဆီးထက် ယူနိုက်တက်အပေါ် အာရုံစိုက်ခဲ့မှာပါ ” လို့ အောက်တိုဘာလတုန်းက ဝန်ခံခဲ့ပါတယ်။

ဒူဘိုင်း ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်း

ဂလေဇာတွေရဲ့ မိုးထိုးနေတဲ့ ခေါ်ဈေးဟာ နိုင်ငံခေါင်းဆောင် အာဏာပိုင်တွေရဲ့ ကြွယ်ဝမှုနဲ့သာ တတ်နိုင်တဲ့ပမာဏ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ပြိုင်ဘက် မန်စီးတီးမှာ အဘူဒါဘီ ရှိနှင့်နေပြီး၊ နယူးကာဆယ်ကို ဆော်ဒီက ဝယ်ယူခဲ့ကာ ပီအက်စ်ဂျီကိုလည်း ကာတာက ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒူဘိုင်းကတော့ ဘောလုံးအသင်း ပိုင်ဆိုင်မှု မရှိသေးတာကြောင့် အခုချိန်မှာ အပြောင်းအလဲ ဖြစ်လာနိုင်မလား စောင့်ကြည့်ရပါမယ်။ အမ်းမရိတ်အစိုးရဲ့ ရင်းနှီးမြုပ်နှံမှု အင်အားစုဖြစ်တဲ့ ဒူဘိုင်း ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်းဟာ အရင်တုန်းက ယူနိုက်တက်ရော လီဗာပူးနဲ့ပါ ချိတ်ဆက်ခဲ့ဖူးပါတယ်။

Apollo Global Management

အမေရိကန် ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီဟာ နွေရာသီမှာ ယူနိုက်တက်ရဲ့ ရှယ်ယာတစ်ခုကို ဝယ်ယူဖို့ ဆွေးနွေးခဲ့တာပါ။ ဒီနှစ်အစောပိုင်းတုန်းက ချယ်ဆီးကို ရောင်းခဲ့တုန်းကလိုမျိုး Apollo မဟုတ်တဲ့ တခြားသော အမေရိကန် ရင်းနှီးမြုပ်နှံရေး အဖွဲ့တွေကလည်း စိတ်ဝင်စားနေမှာ သေချာပါတယ်။

အီလွန်မက်စ်

တွစ်တာရဲ့ ပိုင်ရှင်အသစ်ဟာ ‘မန်ချက်စတာ ယူနိုက်တက်ကိုလည်း ဝယ်ဦးမယ်၊ စောင့်ကြည့်နေပါ” ဆိုပြီး နွေရာသီတုန်းက သရော်စာတစ်ခု ရေးခဲ့ပါတယ်။
ဒါက ဟာသလုပ်တာဖြစ်ကြောင်း နောက်ပိုင်းမှာ ၎င်းက ဝန်ခံခဲ့ပေမယ့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်ဟာ ယူနိုက်တက်ကို ကမ်းလှမ်းမှုလုပ်ဖို့ ပိုက်ဆံအလုံအလောက်ရှိတယ် ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

ကော်နာ မက်ဂရီဂေါ်

ယူအက်ဖ်စီကြယ်ပွင့်ဟာ မက်ဂရီဂေါ်ဟာ သရဲနီပရိသတ် တစ်ယောက်ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကိုဝယ်ဖို့ စဉ်းစားနေကြောင်း ၂၀၂၁ ဧပြီမှာ ရေးသားခဲ့ဖူးပါတယ်။ ဒါပေမယ့် မက်ဂရီဂေါ်ရဲ့ ကြွယ်ဝမှုက မီလျံလောက်သာဖြစ်ပြီး သူအလွန်ဆုံး မျှော်လင့်လို့ရတာက အကျိူးတူ အဖွဲ့အစည်းတစ်ခု တည်ထောင်ဖို့ပဲ ရှိတာပါ။