ကမ္ဘာ့ဖလားမှာ စံချိန်တင် အချိန်ပိုတွေ ပေးနေရခြင်းကို ဒိုင်လူကြီးတို့ရဲ့ Godfather ရှင်းပြလာ

ဖီဖာရဲ့ စည်းမျဉ်းအသစ်တွေကြောင့် ကာတာကမ္ဘာ့ဖလား အဖွင့်လေးပွဲအတွင်း အချိန်ပို စုစုပေါင်း ၆၄ မိနစ်အထိ ရှိသွားခဲ့ပါတယ်။

ဖီဖာဟာ ကစားချိန်ကို အမြင့်ဆုံး ရရှိစေဖို့နဲ့ အချိန်ဖြုန်းတာတွေ လျှော့ချဖို့ ကြိုးစားနေတာကြောင့် ပျမ်းမျှ ပွဲချိန်တစ်ပိုင်းကို ၈ မိနစ်အထိ အချိန်ပိုပေးလာခဲ့တာ ဖြစ်ပါတယ်။ ဒီခြေလှမ်းအသစ်ကို လက်ရှိ ဖီဖာ ဒိုင်လူကြီးများ ကော်မတီဥက္ကဌဖြစ်တဲ့ ဂန္တဝင် ဒိုင်လူကြီးဟောင်း ကော်လီနာက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

အီရန်ကို အနိုင်ရခဲ့တဲ့ အင်္ဂလန်ရဲ့ပွဲမှာ မယုံနိုင်ဖွယ် အချိန်ပို ၂၇ မိနစ်အထိ ပေးခဲ့တာကြောင့် ပွဲက ၂ နာရီကျော် ကြာသွားခဲ့ပါတယ်။ ဒါဟာ ပထမပိုင်းမှာ အီရန်ဂိုးသမား ဘေရန်ဗန်းရဲ့ ပြင်းထန်တဲ့ ခေါင်းထိခိုက်မှု၊ ဒုတိယပိုင်းမှာ ဟယ်ရီကိန်းနဲ့ မက်ဂွိုင်းယားတို့ရဲ့ ဒဏ်ရာရရှိမှုတွေကြောင့်ပဲ ဖြစ်ပါတယ်။

အဲ့ဒီ့ပွဲအတွင်း စုစုပေါင်း သွင်းဂိုး ၈ ဂိုးရှိခဲ့ပြီး လူစားလဲမှု ၁၁ကြိမ် လုပ်ခဲ့တာကြောင့်လဲ ပါပါသေးတယ်။ ဒုတိယပိုင်းအပြီးမှာ စတုတ္ထဒိုင်က အချိန်ပိုကို ၁၀ မိနစ် ပြခဲ့တာကြောင့် အင်္ဂလန်ပရိသတ်တွေကိုတောင် အံ့ဩသွားစေခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်မှာ ဂိုးရလဒ်က ၆-၁ ဖြစ်နေခဲ့ပါပြီ။

“ ကျွန်တော်တို့က တကယ် ထိထိရောက်ရောက် ကစားရမယ့် အချိန်ထဲကနေ နစ်နာရတဲ့ ပွဲမျိုးတွေ မဖြစ်အောင် ရှောင်ချင်တာပါ။ ဒါကြောင့် လူစားလဲတဲ့ အချိန်တွေ၊ ပင်နယ်တီကန်တဲ့အချိန်၊ အောင်ပွဲခံချိန်၊ ဆေးကုသတဲ့အချိန်၊ VAR ကြည့်တဲ့ အချိန်တွေအတွက် အစားထိုး ပေးရမှာပေါ့ ” လို့ ကော်လီနာက ပြောပါတယ်။

အချိန်ဖြုန်းတာတွေကို ကန့်သတ်ပေးလိုက်တဲ့ ကော်လီနာရဲ့ ဆုံးဖြတ်ချက်ဟာ အချိန်ဆွဲတာတွေကြောင့် မကျေမနပ် ဖြစ်ရတဲ့ ပရိသတ်တွေကို ကျေနပ်စေမှာပါ။

ပရိသတ်များစွာဟာ ကော်လီနာရဲ့ ဒိုင်လူကြီးဘဝ နေ့ရက်တွေကို ကောင်းကောင်းကြီး အမှတ်ရနေမှာပါ။ ကော်လီနာဟာ ၁၉၉၁ ကနေ ၂၀၀၅ အတွင်း စီးရီးအေမှာ ဒိုင်လုပ်ခဲ့ပြီး ၁၉၉၅ကနေ ၂၀၀၆အတွင်း ဖီဖာ စာရင်းဝင် ဒိုင်လူကြီး ဖြစ်လာခဲ့တာပါ။

ကော်လီနာဟာ Pro Evolution Soccer (PES) 3 ဗီဒီယိုဂိမ်းရဲ့ ကာဗာမျက်နှာမှာတောင် ပါဝင်ခဲ့တဲ့အထိ နာမည်ကြီးခဲ့တာပါ။ သူဟာ အွန်နရီ၊ တော့တီတို့နဲ့အတူ PES 4 ကာဗာမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။