မိုက်ကယ် အတ်ဝပ် နေရာ တာဝန်ယူပြီး ၆ လ အကြာမှပဲ ဂျူလီယန် ဝတ်လည်း ထွက်ခွာမည်

လီဗာပူးအသင်း အားကစားဒါရိုက်တာ ဂျူလီယန် ဝတ်ဟာ သူ့ရဲ့ ရာထူးနေရာကို တာဝန်ယူပြီး ၆ လ အကြာမှာပဲ အကြီးတန်း တာဝန်ရှိသူအဖြစ်ကနေ နှုတ်ထွက်မယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

နွေတုန်းကပဲ နာမည်ကောင်းနဲ့ ကျော်ကြားလှတဲ့ မိုက်ကယ် အတ်ဝပ်ရဲ့ နေရာကို ဆက်ခံသူအဖြစ် ဝတ်ကို တာဝန်ပေးခဲ့တာပါ။ ဒါပေမယ့်လို့ သူက လက်ရှိ ရာထူးကနေ နှုတ်ထွက်မယ့်အကြောင်း လီဗာပူးပိုင်ရှင်တွေကို အသိပေးခဲ့ပြီး ရာသီကုန်ထိတော့ ဆက်လက် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ မမျှော်လင့်ထားတဲ့ ကိစ္စဖြစ်သလို အရမ်း စိတ်ပျက်ရတယ်လို့ သိထားရတယ်။ လီဗာပူးရဲ့ လူသစ် ခေါ်ယူရေးဆိုင်ရာ ကိစ္စတွေကိုတော့ လူသစ်ခေါ်ယူရေးဆိုင်ရာ အကြီးအကဲ ဒေ့ဖယ်လိုးနဲ့ ကင်းထောက်ချုပ် ဘယ်ရီ ဟန်တာတို့က ဆက်တာဝန်ယူပေးဖွယ် ရှိပါတယ်။

ဂျူလီယန် ဝတ် ဘာလို့ ထွက်ရတယ်ဆိုတာ မသိရသေးပေမယ့် လီဗာပူးအတွက် ရင်းနှီးမြုပ်နှံသူတွေ ခေါ်ယူမယ်လို့ အသင်းပိုင်ရှင် FSG ဘက်က ကြေညာအပြီးမှာ ကလပ် ဥက္ကဋ္ဌဖြစ်သူ မိုက်ကယ်ဂေါ်ဒန်ကလည်း သူ့တာဝန်တွေကို စတင် လက်လွဲပေးနေခဲ့ပါပြီ။

ဂျူလီယန် ဝတ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူရေး အဓိက ကြိုးစားခဲ့သူဖြစ်တယ်။ သူဟာ ဆာလာကို သက်တမ်းတိုးဖို့နဲ့ ပေါင် ၈၅ သန်းတန် နူးညက်စ်ကို လက်မှတ်ထိုးဖို့တို့မှာ ဦးဆောင်ခဲ့ကာ မာနေးကို ရောင်းချရေးအတွက် အဓိက ညိနှိုင်းသူလည်း ဖြစ်ပါတယ်။

ဇန်နဝါရီစျေးကွက် ရောက်လာဖို့ ၂ လ အလိုမှာပဲ ဂျူလီယန် ဝတ်က ရာထူးကနေ နှုတ်ထွက်မယ့် ကိစ္စ ကြေညာခဲ့ခြင်းဖြစ်ကာ ၂၀၂၃ နွေမှာ လီဗာပူးအသင်း လူသစ် ခေါ်ယူရေးတွေကို သူ တာဝန်ယူပေးတော့မှာ မဟုတ်ပါဘူး။

လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ကလပ်ကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေတာဖြစ်ပြီး ၂၀၂၃ နွေမှာ ဘယ်လင်ဟမ်ကို ပေါင် သန်း ၁၀၀ လောက် အကုန်အကျခံ ခေါ်ယူသွားဖို့ စီစဉ်ထားပါတယ်။ အားကစားဒါရိုက်တာ ထွက်ခွာခြင်းက ကလော့ပ်ရဲ့ အနာဂတ် အစီအစဉ်တွေအပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။