ကွင်းတွင်း ကွင်းပြင် အပြုအမှုတွေကြောင့် ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံးအသင်း ဖြစ်လာဖွယ်ရှိတဲ့ ဆာမူရိုင်းများ

ဂျပန်လက်ရွေးစင်အသင်း ကစားသမားတွေက သူတို့ရဲ့ အဖွင့်ပွဲမှာ ဥရောပ ကျော်အမော် ဂျာမနီအသင်းကို နောက်ကနေ လိုက်ကစားပြီး အနိုင်ယူခြင်းနဲ့အတူ ဘောလုံးကမ္ဘာ့ရဲ့ အာရုံစိုက်မှုကို ရခဲ့ပါတယ်။

ဂွမ်ဒိုဂန်ရဲ့ ပင်နယ်တီနဲ့အတူ ဂျာမနီတို့ ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လူစားဝင် ကစားသမား ဒိုအန်နဲ့ တိုက်စစ်သမား အာဆာနိုတို့က ၉ မိနစ်အတွင်း ခြေပဂိုးကော ဦးဆောင်ဂိုးပါ ရယူခဲ့တာပါ။ ဒီနိုင်ပွဲအတွက် ကမ္ဘာ့ဖလား ပရိသတ်တွေကြား အတော်လေး တုန်လှုပ်ခဲ့ကြပါတယ်။

နိုင်ပွဲအပြီး ပွဲကြည့်စင်ပေါ်က ဂျပန်ပရိသတ်တွေဟာ ပွဲကြည့်စင် ခုံတန်းတွေက အမှိုက်တွေကို သန့်ရှင်းရေး လုပ်ပေးခဲ့ခြင်းအတွက်လည်း ကမ္ဘာ့ဖလား ပရိသတ်တွေရဲ့ လေးစားမှုကို ရရှိခဲ့ကြတယ်။ ကာတာက အခြားပွဲမှာလည်း ဂျပန်ပရိသတ်တွေက ကွင်းထဲက အမှိုက်တွေကို သိမ်းပေးခဲ့သေးတာ ဖြစ်ပါတယ်။

ဒီအပြုအမှုတွေက လူအများမြင်သာတဲ့ ဆာမူရိုင်းတို့ရဲ့ စိတ်ဓါတ်ကောင်းတွေ ဖြစ်ပေမယ့် ကစားကွင်းနောက်ကွယ်က သူတို့ရဲ့ အပြုအမှုကလည်း အတော်လေး လေးစားဖို့ ကောင်းခဲ့ပါတယ်။

လူမှုကွန်ယက်မှာ ထွက်ပေါ်လာတဲ့ ပုံရိပ်တွေအရ ဂျာမနီကို ၂-၁ ဖြင့် အနိုင်ယူအပြီး ကွင်းထဲက ထွက်ခွာသွားတဲ့ ဂျပန်အသင်းဟာ အဝတ်လဲခန်းတွင်းမှာ အညစ်အကြေး လုံးဝမရှိအောင် သန့်ရှင်းပေးသွားခဲ့ပါတယ်။

ဒါ့အပြင် အိမ်ရှင် ကာတာအသင်းကို ကျေးဇူးတင်ကြောင်း စာတိုလေးကို ဂျပန်နဲ့ အာရေဗျ ဘာသာတွေဖြင့် ရေးသားခဲ့ကာ စက္ကူရုပ်လေးတွေနဲ့ ချန်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီအပြုအမှုဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂျာမနီကို အရေးနိမ့်ပြီးနောက် ကွင်းထဲက ထွက်ခွာစဉ် သူတို့ လုပ်ခဲ့တဲ့ အပြုအမှုကောင်းကို ဆက်ထိန်းခဲ့တာဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကြာအပြီး အာရှမှ တစ်ကျော့ပြန် ပြုလုပ်တဲ့ ကမ္ဘာ့ဖလားအတွင်း ကစားသမားတွေကော ပရိသတ်တွေပါ စိတ်ဓါတ်ကောင်းတွေ ပြသနေတဲ့ ဂျပန်အသင်းအပေါ် အခြားသော အသင်း ပရိသတ်တွေက အတော်လေး အထင်ကြီးမိကြောင်း တွစ်တာမှာ ပြောဆိုနေကြတယ်။

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ မရဏ အုပ်စုမှာ ဂျာမနီ၊ စပိန်၊ ကော်စတာရီကာတို့နဲ့အတူ ကျရောက်နေတဲ့ ဂျပန်အသင်းဟာ ရှုံးထွက်ကို တက်ရောက်ရေး ကြိုးစားနိုင်ဖို့ ဆုတောင်းပေးကြတဲ့ ပြိုင်ဘက်ပရိသတ်တွေ များစွာ ရှိလာနေပြီ ဖြစ်ပါတယ်။