အင်္ဂလန်ကို အထင်သေးသူတွေအား အခု မြင်ကြပြီလားလို့ ပြောဆိုသွားတဲ့ တိုက်စစ်မှူး ဆာကာ

ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ အီရန်ကို ၆-၂ ဖြင့် အနိုင်ရခဲ့တဲ့ အင်္ဂလန်အတွက် သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့သူ ဆာကာက နိုင်ပွဲအတွက် ပျော်ရွှင်စကား ပြောဆိုပါတယ်။

ညာတောင်ပံကနေ ပွဲထွက်လာတဲ့ ဆာကာဟာ ကိုယ်တိုင် ၂ ဂိုး သွင်းယူခဲ့ပြီး အင်္ဂလန်အသင်း တာထွက်ကောင်းဖို့ ကူညီပေးနိုင်ခဲ့တာပါ။ ကမ္ဘာ့ဖလား မတိုင်ခင် နိုင်ငံတကာ သီတင်းပတ် ပွဲစဉ်တွေမှာ ရလဒ်မကောင်းတာကြောင့် ဝေဖန်ခံရပေမယ့် အင်္ဂလန်ရဲ့ အရည်အချင်းကို အားလုံး မြင်ကြပါလိမ့်မယ်လို့ ဆာကာက ဆိုပါတယ်။

ဆာကာက ” ကျနော် ဘယ်လို ခံစားနေရတယ်ဆိုတာ မဖော်ပြနိုင်တော့ပါဘူး၊ အရမ်းကို ကောင်းပါတယ်။ အရမ်းပျော်သလို အရမ်းလည်း ဂုဏ်ယူတယ်။ နိုင်ပွဲလည်း ရခဲ့တယ်ဆိုတော့ သိပ်ကောင်းတဲ့ နေ့လေး တစ်ရက်ပါပဲ။

ဒီလို အစကောင်းဖို့ လိုအပ်ပါတယ်။ ဒီပြိုင်ပွဲမှာ ကျနော်တို့ အကောင်းဆုံး မကစားနိုင်သေးပါဘူး။ ကျနော်တို့ရဲ့ ခြေစွမ်းတွေနဲ့ ပတ်သက်လို့ ဝေဖန်စကား ပြောနေမှုတွေ အများကြီး ရှိနေပေမယ့် ဒီနိုင်ပွဲနဲ့အတူ လူတိုင်းကို ကျနော်တို့မှာ အရည်အချင်း ဘယ်လောက်ရှိတယ်၊ ကျနော်တို့ ဘာလုပ်နိုင်တယ် ပြသနိုင်ခဲ့တယ်။

ဖိအားတွေ အများကြီးကနေ နိုင်ပွဲ ရခဲ့တာက သိပ်ကို ကောင်းတယ်။ ဒါပေမယ့် ကျနော်တို့ စွမ်းဆောင်ရည် တည်ငြိမ်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ လာမယ့် ရက်ပိုင်းအတွင်း ပွဲတွေ ဆက်ကစားရမှာပါ၊ ကျနော်တို့ ဆက်ပြီး အနိုင်ရဖို့ လိုပါတယ်။

ကျနော် ခံစားချက် ကောင်းနေတယ်။ နည်းပြအဖွဲ့ဝင်တွေ၊ အသင်းဖော်တွေ၊ ပရိသတ်တွေရဲ့ ထောက်ပံ့မှုနဲ့ ချစ်ခြင်းတွေကို ခံစားနေရပါတယ်။ ဒါကိုပဲ ကျနော်တို့ လိုတာပါ။ ကျနော်ကတော့ ရာနှုန်းပြည် ပေးဆပ်မှာဖြစ်ပါတယ်။ အင်္ဂလန်ဂျာစီကို ဝတ်ဆင်ပြီး အကောင်းဆုံး ဆက်လုပ်ပြနိုင်ဖို့ ကြိုးစားမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်ဟာ လာမယ့်ပွဲတွေအဖြစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အမေရိကန်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဝေလ်းအသင်းတွေဖြင့် ယှဉ်ပြိုင်ကစားရဦးမှာပဲ ဖြစ်ပါတယ်။