ပရီးမီးယားလိဂ် တိုက်စစ်သမားတွေ ခြေစွမ်းပြမှုနဲ့အတူ အဖွင့်ပွဲကို ဂိုးပြတ် အနိုင်ရသွားတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား အုပ်စုတွင်းပွဲစဉ် အဖွင့်ပွဲအဖြစ် အီရန်အသင်းနဲ့ ရင်ဆိုင်ရာမှာ ၆-၂ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ကာ အဖွင့်လှခဲ့ပါတယ်။

နည်းပြဆောက်ဂိတ်က သူအသုံးများတဲ့ ခံစစ်တန်း ၃ ယောက်အစား ၄ ယောက်တန်း ခံစစ်ကို ထုတ်သုံးလာခဲ့တယ်။ ကွင်းလယ်မှာ ဘယ်လင်ဟမ်၊ မောင့်၊ ရိုက်တို့ကို ထုတ်သုံးကာ တိုက်စစ်မှာတော့ ကိန်းနဲ့ စတာလင်ကို ဆာကာဖြင့် တွဲဘက်ပေးခဲ့တာ ဖြစ်ပါတယ်။

ပွဲစကတည်း ငယ်ရွယ်တဲ့ ကစားသမား အများစုဖြင့် ပွဲထွက်လာတဲ့ အင်္ဂလန်အသင်းဟာ ပွဲကို လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ်။ အင်္ဂလန်အသင်းက ထရစ်ပီယာ၊ ဆာကာတို့နဲ့အတူ ညာခြမ်းက အားပြုသလို အီရန်ဘက်ကလည်း အင်္ဂလန်ရဲ့ ညာခြမ်းဘက်ကို ထိုးဖောက်ဖို့ ကြိုးစားတာကတော့ ထူးခြားမှုပါပဲ။

အင်္ဂလန်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ပွဲချိန် ၁၀ မိနစ်မှာ အီရန် ဂိုးသမား အသင်းဖော်ဖြင့် ဝင်တိုက်မိလို့ ဆေးကုမှု ခံယူရတာက ပွဲတန်ပိုကို အတော်လေး အေးစက်သွားစေတယ်။ ၁၀ မိနစ်ကျော်လောက် ကုသမှု ခံယူခဲ့ပေမယ့် အီရန်ဂိုးသမား ဆက်မကစားနိုင်ဘဲ လူစားလဲခဲ့ရပါတယ်။

နည်းပြဆောက်ဂိတ်ရဲ့ အသင်းသားတွေဟာ ဘောလုံးပိုင်ဆိုင်မှု ၈၅-၉၅% တွေထိ ရထားတာမို့ ပွဲက လုံးဝနီးပါး တစ်ဖက်သတ် ဖြစ်နေခဲ့တာပါ။ အဖွင့်ဂိုးကတော့ အင်္ဂလန် လူငယ်စတား ဘယ်လင်ဟမ်က ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဂိုးကို ဆာကာက ဧရိယာအတွင်းထိပ်ကနေ ကန်သွင်းယူတာဖြစ်ပြီး မိနစ်ပိုင်းအကြာမှာ ကိန်းရဲ့ ပေးချက်ကနေ စတာလင်က အကောင်းဆုံး အဆုံးသတ်ပြီး တတိယဂိုး သွင်းယူပေးခဲ့တာပါ။ အချိန်ပို ၁၄ မိနစ်စာ ရခဲ့ပြီး အင်္ဂလန်ကပဲ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း အစောဆုံးမိနစ်တွေမှာ အင်္ဂလန်တို့ ထိုးဖောက်ရ ခက်ခဲနေခဲ့ပြီး အီရန်ဘက်က တန်ပြန်ဖို့ ကြိုးစားလာခဲ့တယ်။ ဒါပေမယ့်လို့ ဆာကာတို့လို ပရီးမီးယားလိဂ် အဆင့် ကစားသမားတွေကို မထိန်းချုပ်နိုင်ခြင်းနဲ့အတူ ဂိုးတွေ ဆက်ပေးခဲ့ပါတယ်။

အင်္ဂလန်အတွက် ဆာကာက စတုတ္ထဂိုး သွင်းယူခဲ့ပြီး ထိုးဖောက်ပုံကောင်းကနေ အီရန်တို့ ခြေပဂိုး ၁ ဂိုး ရယူခဲ့တယ်။ လူစားဝင်လာပြီး ထိချက် ၃ ချက်နဲ့တင် ရက်ဖိုဒ့်က သွင်းဂိုး ၁ ဂိုး၊ မိနစ် ၉၀ မှာ ဂရီလစ်က သွင်းဂိုး ၁ ဂိုး သွင်းယူကာ ပွဲနောက်ဆုံး မိနစ် အီရန်က ပင်နယ်တီဖြင့် ဒုတိယ ခြေပဂိုး သွင်းယူခဲ့ပြီး အင်္ဂလန်တို့ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဒီပွဲမှာ ပရီးမီးယားလိဂ် တိုက်စစ်သမားတွေ ပုံစံကောင်း ရှိနေခြင်းနဲ့အတူ အင်္ဂလန်က ခြေစွမ်း အသာစီးဖြင့် ကစားခဲ့ခြင်း၊ အီရန်ဘက်က ပြိုင်ဘက်အဆင့်မှာ ရှိမနေခြင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံး ဖြစ်နိုင်တဲ့ ပွဲစဉ်တစ်ပွဲကို နည်းပြဆောက်ဂိတ်ရဲ့ အသင်းက ဖော်ဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။