ဘယ်လင်ဟမ်၊ မူဆီယာလာတို့နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ စောင့်ကြည့်ရမယ့် အကောင်းဆုံး လူငယ် (၁၀) ဦး

ကမ္ဘာ့ဖလားကို ၁၇ နှစ်အရွယ် ပီလီဆိုတဲ့ လူငယ်ကစားသမားလေး မုန်တိုင်းသဖွယ် ဝင်မွှေသွားခဲ့တည်းက ၄ နှစ်တစ်ကြိမ် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းမှာ ဘယ်ကစားသမားက ဘောလုံးစင်မြင့်ပေါ် ရောက်လာမလဲ အမြဲတမ်း စိတ်လှုပ်ရှားခံရလေ့ ရှိပါတယ်။

ဒါကြောင့် ကာတာကမ္ဘာ့ဖလားမှာ ထွန်းတောက်လာနိုင်ခြေရှိတဲ့ လူငယ်ကစားသမား ၁၀ ယောက်အကြောင်းကို လေ့လာကြည့်ရအောင်ပါ။

ဂျူ့ဒ် ဘယ်လင်ဟမ် (အင်္ဂလန်)

ဘာမင်ဟမ်က ဆယ်ကျော်သက် ကောင်လေးဟာ ဒေါ့မွန်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်ကွင်းလယ်မှာ သူက ဒက်ကလန်ရိုက်စ်နဲ့ တွဲကစားရမှာပါ။ နောက်နွေရာသီမှာ ထိပ်သီးတွေက သူ့ကို အပြိုင်ခေါ်ယူဖို့ ကြိုးစားကြမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ပြသမယ့် သူ့ရဲ့ စွမ်းဆောင်ရည်ဟာ ဈေးကွက် တန်ဖိုးကို မြင့်တက်သွားစေနိုင်တာ ဖြစ်ပါတယ်။

ဂျာမယ် မူဆီယာလာ (ဂျာမနီ)

ဘမ်ဘီလို့ သိကြတဲ့ ၁၉နှစ်အရွယ် ကောင်လေးဟာ ဟန်ချက်ညီနေတဲ့ ဂျာမနီအသင်းနဲ့အတူ ဒီပြိုင်ပွဲရဲ့ အကောင်းဆုံးနည်းပြဖြစ်တဲ့ ဟန်ဆီဖလစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ပါဝင်သွားမှာပါ။ သူတို့ဟာ တခြားအသင်းတွေလောက် ရေပန်းမစားပေမယ့် မူဆီယာလာကတော့ ၂၀၁၄ ချန်ပီယံတွေကို ပြိုင်ပွဲမှာ အဆုံးထိ လျှောက်လှမ်းနိုင်စေဖို့ လုံလောက်တာထက်ပိုတဲ့ ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ပါတယ်။

တာကဲဖူဆာ ကူဘို (ဂျပန်)

ဂျပန်မက်ဆီလို့ ခေါ်ကြတဲ့ ၂၁နှစ်အရွယ် ကစားသမားလေးဟာ ဘာစီလိုနာရဲ့ လာမာစီယာ အကယ်ဒမီမှာကတည်းက ဂိုးသွင်း မှတ်တမ်းကောင်းတွေ ရရှိခဲ့သူပါ။ အဲ့ဒီ့ကနေ တိုကျိုပြန်သွားပြီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ခဲ့ရာမှာ အခု ဆိုစီဒက်ကို မရောက်ခင် အငှားလေးကြိမ် ကစားခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ ပရိုဖိုင်ကို အဆင့်မြှင့်တင်ပေးနိုင်မှာ ဖြစ်နိုင်ပါတယ်။

ဂါဗီ (စပိန်)

မနှစ်က Golden Boy ဆု ရခဲ့တဲ့ ပက်ဒရီနဲ့ ယခုနှစ် ဆုရှင် ဂါဗီတို့ရဲ့ ပေါင်းစပ်ကွင်းလယ်ဟာ ၂၀၁၀ ချန်ပီယံ စပိန်တို့အတွက် လွှမ်းမိုးနိုင်တဲ့ နောက်ထပ် ခေတ်တစ်ခုဆီ ခေါ်ဆောင်ပေးနိုင်ပါတယ်။ အသက် ၁၈နှစ်အရွယ် ဂါဗီဟာ ချီးကျူးမှုတွေနဲ့ ပြည့်နှက်နေခဲ့ပြီးဖြစ်ကာ ကမ္ဘာ့ဖလားမှာ သူ့ရဲ့ အရည်အချင်းတွေ မြင်ရသင့်ပါတယ်။

နူနို မန်ဒက်စ် (ပေါ်တူဂီ)

ကန်ဆယ်လိုရဲ့နောက်ကို ရောက်နေပေမယ့် ပေါ်တူဂီရဲ့ ဦးစားပေးလူစာရင်းမှာ သူဟာ တိုက်စစ်အားသန်တဲ့ အလားတူ ပုံစံမျိုး ရှိသူဖြစ်ပါတယ်။ ယနေ့ခတ် နောက်ခံလူတွေမှာ ဖြစ်လေ့ရှိတဲ့အတိုင်း သူ့ရဲ့ ခံစစ်အရည်အသွေးက မေးခွန်းထုတ်ခံခဲ့ရပေမယ့် သူဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူတစ်ယောက် ဖြစ်လာဖို့ လမ်းကြောင်းပေါ်မှာ ရှိနေတာပါ။

အန်ဇို ဖာနန်ဒက်ဇ် (အာဂျင်တီးနား)

ဘင်ဖီကာ ကွင်းလယ်လူဟာ စက်တင်ဘာလကမှ နိုင်ငံအသင်းနဲ့ စီနီယာ ပွဲဦးထွက်ခဲ့တာဖြစ်ပေမယ့် ပရီးမီးယားလိဂ် ထိပ်သီးကလပ်အများစုရဲ့ စိတ်ဝင်စားမှုနဲ့အတူ အနာဂတ်မှာ ပေါင်သန်း ၁၀၀ ကျော် တန်လာမယ့်သူ ဖြစ်ပါတယ်။ သူဟာ ကွင်းလယ်ကို လွှမ်းမိုးထားပြီး အနောက်ကနေ ရှေ့တန်းအတွက် ဖန်တီးမှုတွေ ပြုလုပ်သလို တိုက်စစ်အားပြုရတဲ့ နေရာတွေမှာပါ ကစားနိုင်ပါတယ်။

အော်ရီလီယန် ချူအာမန်နီ (ပြင်သစ်)

ကွန်တေနဲ့ ပေါ့ဘာတို့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟာ လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း မျှော်လင့်ခဲ့တာထက် ပိုပြီ ကြီးမားတဲ့ နေရာတစ်ခုကို ရရှိနိုင်ပါတယ်။ လက်ရှိချန်ပီယံတွေရဲ့ ကွင်းလယ်က အားနည်းနေသလို ထင်ရပေမယ့် ဒါတွေကို ချေဖျက်ပြဖို့ ချူအာမန်နီဟာ အားကိုးစရာ အသင်းသားတစ်ဦး ဖြစ်ပါတယ်။

ဂျော့စကို ဂဗာဒီအိုလ် (ခရိုအေးရှား)

ဘယ်နောက်တန်းရော ဗဟိုခံစစ်မှာပါ ကစားနိုင်တဲ့ ဂဗာဒီအိုလ်ဟာ ပြီးခဲ့တဲ့အပတ်က နှာခေါင်းကျိုး ဒဏ်ရာရသွားခဲ့ပေမယ့် ဒီပြိုင်ပွဲကိုတော့ မလွဲချော်နိုင်ပါဘူး။ ခရိုအေးရှားအသင်းဟာ မာကျောတဲ့ တိုက်ပွဲဝင်သူတွေ၊ နာမည်ကြီးကစားသမားတွေ အပြည့်ရှိနေတာကြောင့် ဂဗာဒီအိုလ်ဟာ မျက်နှာသစ်အနေနဲ့ ပိုပြီးတော့တောင် ချွန်ထွက်နေနိုင်ပါတယ်။

ကိုဒီ ဂက်ပို (နယ်သာလန်)

ဘယ်ခြမ်းကနေ ညာခြေနဲ့ ထိုးဖောက်မှုတွေက စိတ်လှုပ်ရှားစရာကောင်းတဲ့ ၂၃နှစ် အရွယ် ကစားသမားဟာ အခု ပီအက်စ်ဗီမှာ တည်တည်ငြိမ်ငြိမ် ခြေစွမ်းပြနေပါတယ်။ နောက်နွေရာသီမှာ သူ့ရဲ့ ပြောင်းရွှေ့ကြေးနဲ့ အသင်းသစ်ဟာ ကမ္ဘာ့ဖလားက စွမ်းဆောင်ရည်အပေါ် မူတည်နေနိုင်ပါတယ်။ ကင်းထောက်တွေရဲ့ ထောက်လှမ်းခံနေရတဲ့ ကလပ်အသင်းဖော်၊ ၁၉နှစ်အရွယ် ဇာဗီဆိုင်မွန်အတွက်လည်း အလားတူ ဖြစ်ပါတယ်။

ချားလက်စ် ဒီ ကေ့တလာရယ် (ဘယ်လ်ဂျီယမ်)

အသက် ၂၁နှစ်ရွယ် ဗဟိုကွင်းလယ် တိုက်စစ်ကစားသမားဟာ ရောဘတ်တို မာတီနက်ဇ်ရဲ့ အသင်းမှာ ကစားချိန်ရဖို့အတွက် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လ်ဂျီယမ် ရွှေရောင်မျိုးဆက်အတွက် နောက်ဆုံးပေါ် ကြယ်တစ်ပွင့်ဖြစ်တာနဲ့အတူ သူဟာ စီနီယာတွေထံကနေ တာဝန် လက်လွှဲယူရမယ့်သူ ဖြစ်ပါတယ်။