NEWS: ကမ္ဘာ့ဖလား စတင်ဖို့ ၄၈ နာရီ အလိုမှာပဲ ဒဏ်ရာကြောင့် ကစားသမား ၃ ဦး လွဲချော်ပြီ

၂၀၂၂ ကမ္ဘာ့ဖလားမှာ စောင့်ကြည့်ရမယ့် ထိပ်တန်း ကစာသမားတစ်ဦးအဖြစ် ရေပန်းစားသူ မာနေးဟာ ပြိုင်ပွဲမှာ ပါဝင်နိုင်တော့မှာ မဟုတ်ဘူးလို့ အတည်ပြုနိုင်ခဲ့ပါပြီ။

အသက် ၃၀ အရွယ် မာနေးဟာ ဘိုင်ယန်မြူးနစ်က ဝါဒါဘရီမင်ကို ၆-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားကြောင့် သူ့ရဲ့ ဒဏ်ရာ ခွဲစိတ်မှုကို နောက်ဆုတ်ထားပြီး အခြေအနေ စောင့်ကြည့်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မာနေး ကစားနိုင်တော့မှာ မဟုတ်ကြောင်း ဆီနီဂေါဘက်က တရားဝင် သတင်း ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ဘလွန်းဒီအော ဒုတိယနေရာရ မာနေး မပါနိုင်တာဟာ ကမ္ဘာ့ဖလားနဲ့ ဆီနီဂေါ အသင်းအတွက် အထိနာတဲ့ ကိစ္စ ဖြစ်လာခဲ့တယ်။ ဆီနီဂေါ အသင်းဘက်က သူတို့ရဲ့ ၂၆ ဦး လူစာရင်းမှာ မာနေးကို ထည့်သွင်းထားပြီး တိုက်စစ်မှူး မကစားနိုင်တာ သေချာခဲ့တာကြောင့် အပြောင်းအလဲ ပြုလုပ်ဖွယ် ရှိပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ အကြိုမှာပဲ အာဂျင်တီးနား ကစားသမားတွေဖြစ်တဲ့ ဂျွာကင်း ကော်ရယ်ရာနဲ့ နီကိုးလက်စ် ဂွန်ဇာလက်ဇ်တို့ ဒဏ်ရာကြောင့် လူစာရင်းကနေ နှုတ်ထွက်ရပြီလို့ လက်ရွေးစင်အသင်းဘက်က ကြေညာပါတယ်။

ကြွက်သား ဒဏ်ရာရသွားတဲ့ ဂွန်ဇာလက်ဇ် နေရာမှာ အက်သလက်တီကို မက်ဒရစ် တိုက်စစ်သမား အန်ဂျယ် ကော်ရယ်လာဖြင့် အစားထိုးမှာ ဖြစ်ပေမယ့် အင်တာမီလန် တိုက်စစ်မှူး ဂျွာကင်း ကော်ရယ်ရာ နေရာမှာ ဘယ်သူနဲ့ အစားထိုးမယ် မသိရသေးပါဘူး။

” ဒီကနေ့ လေ့ကျင့်ရေးအပြီး ဂွန်ဇာလက်ဇ်က ကြွက်သား ဒဏ်ရာရသွားလို့ ကမ္ဘာဖလားမှာ မပါနိုင်တော့ပါဘူး။ သူ့နေရာ အစားထိုးဖို့အတွက် အန်ဂျယ် ကော်ရယ်လာကို ခေါ်ယူသွားပါမယ်။ ဂျွာကင် ကော်ရယ်ရာ နေရာမှာ ဘယ်သူ့ကို အစားထိုးမလဲ လာမယ့် နာရီပိုင်းအတွင်း ကြေညာပေးပါမယ် ” လို့ အာဂျင်တီးနားဘက်က ကြေညာသွားတာ ဖြစ်ပါတယ်။