၂၀၂၂ ဖီဖာ ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆု အနိုင်ရမယ် ရေပန်းစားနေတဲ့ တိုက်စစ်မှူး (၅) ဦး

လက်ရွေးစင်အဆင့် ပွဲစဉ်တွေမှာ သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆု အနိုင်ရရေးဟာ တိုက်စစ်မှူး တစ်ဦးအတွက် မျှော်လင့်စရာ အကောင်းဆုံး တစ်ကိုယ်ရည် ဆုတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကမ္ဘာဖလားမှာ ရွှေဖိနပ်ဆု အနိုင်ရဖို့ ဆိုတာကတော့ တိုက်စစ်မှူးတိုင်း မျှော်မှန်းနိုင်တာမျိုး မဟုတ်ပါဘူး။ ကစားသမားက ထူးချွန်ရင်တောင် လက်ရွေးစင် အသင်းက မြင့်မားတဲ့ အဆင့်တွေထံ မရောက်ဘူးဆိုရင် ရွှေဖိနပ်ဆုနဲ့ အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။

ကမ္ဘာဖလားပြိုင်ပွဲသမိုင်းမှာ သွင်းဂိုး အများဆုံး သွင်းယူထားတဲ့ ဂန္တဝင် တိုက်စစ်မှူးတွေက ဂျာမနီ တိုက်စစ်မှူး ကလိုဆေး (၁၆ ဂိုး)နဲ့ ဘရာဇီး တိုက်စစ်မှူး ရော်နယ်ဒို (၁၅ ဂိုး) တို့ဖြစ်ကြပါတယ်။ သူတို့ဟာ ကမ္ဘာဖလားမှာ ရွှေဖိနပ်ဆုတွေကို တစ်ကြိမ်စီ အနိုင်ရခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာဖလားမှာတော့ ထိပ်တန်း လက်ရွေးစင်အသင်းတွေနဲ့အတူ တိုက်စစ်မှူးကောင်း အများအပြား ပါဝင်လာခဲ့တယ်။ ၎င်းတို့ထဲက ဒီတစ်ကြိမ် ရွှေဖိနပ်ဆုအတွက် ရေပန်းစားမှုကို ဘွန်ကီတွေက အခုလို ဖော်ပြပါတယ်။

နေမာ (ဘရာဇီး) – ဘရာဇီးအသင်းအတွက် ၁၂၁ ပွဲမှာ ကိုယ်တိုင် ၇၅ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၅၄ ကြိမ် လုပ်ထားနိုင်ပါတယ်။ သူဟာ ဒီရာသီ ကလပ်အဆင့်မှာ ပွဲ ၂၀ အတွင်း ၁၅ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်ထားတာ ဖြစ်တယ်။ ဘရာဇီးအသင်းကို အဓိက ဦးဆောင်မယ့်သူ ဖြစ်ပါတယ်။

လိုင်ယွန်နယ် မက်ဆီ (အာဂျင်တီးနား) – များစွာသော ဘောလုံးပရိသတ်တွေက ဒီတစ်ကြိမ်ဟာ မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာဖလားဆိုတာ သိထားကြပါပြီ။ လက်ရွေးစင်အသင်းအတွက် ကိုယ်တိုင် ၉၁ ဂိုး သွင်းပြီး ၅၂ ကြိမ် ဂိုးထောက်ပံ့ပေးထားတဲ့ မက်ဆီဟာ ကမ္ဘာဖလားမှာတော့ အမြင့်ဆုံးအဖြစ် ၂၀၁၄ တုန်းက ၄ ဂိုး သွင်းယူဖူးပါတယ်။

ဘန်ဇီမာ (ပြင်သစ်) – လက်ရှိ ချန်ပီယံတွေရဲ့ အဓိက တိုက်စစ်မှူးဟာ ကြံ့ခိုင်မှုပိုင်းမှာ အနည်းငယ် ရုန်းကန်နေရသူ ဖြစ်ပါတယ်။ မနှစ်ကရာသီ ကလပ်အဆင့်မှာ ၄၄ ဂိုး သွင်းယူခဲ့ပြီး ကမ္ဘာဖလား ဗိုလ်လုပွဲရောက်ဖို့ ရေပန်းစားတဲ့ ပြင်သစ်အသင်း တိုက်စစ်မှာ ဒဏ်ရာ ကင်းကင်း ပါဝင်နိုင်ရင် ရွှေဖိနပ်ဆုကို သေချာပေါက် စိန်ခေါ်နိုင်မယ့်သူ ဖြစ်ပါတယ်။

အမ်ဘတ်ပီ (ပြင်သစ်) – ဒီရာသီ ပီအက်စ်ဂျီမှာ ဂိုးသွင်းကောင်းနေတဲ့ အမ်ဘတ်ပီဟာ ကမ္ဘာဖလားမှာ ပြင်သစ်အတွက် ပွဲတိုင်း ပါဝင်နိုင်မယ့်သူပါ။ ပြီးခဲ့တဲ့ ကမ္ဘာဖလားတုန်းက ပြင်သစ်အတွက် ၇ ပွဲ ပါဝင်ကစားခဲ့ကာ ၄ ဂိုး သွင်းယူထားတယ်။ သူကလည်း ဒီတစ်ကြိမ် ရွှေဖိနပ်ဆုအတွက်​ ရေပန်းစားပါတယ်။

ဟယ်ရီကိန်း (အင်္ဂလန်) – အင်္ဂလန်အသင်းရဲ့ သွင်းဂိုးတွေကို အဓိက တာဝန်ယူရသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာဖလားတုန်းက ပြိုင်ပွဲတစ်လျှောက် သွင်းဂိုး ၆ ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့ပြီးပါပြီ။ အရင်တစ်ကြိမ်မှာ ရေပန်းမစားတဲ့သူအဖြစ်က ရွှေဖိနပ်ဆုရခဲ့တာဖြစ်ပြီး ဒီတစ်ကြိမ် ကာတာ ကမ္ဘာဖလားမှာတော့ သူကပဲ သွင်းဂိုး အများဆုံး တိုက်စစ်မှူး ထပ်ဖြစ်မယ်လို့ အထူး ရေပန်းစားနေပါတယ်။