ယူနိုက်တက်မှ မဟုတ်ရင် သူကစားလိုတဲ့ ပရီးမီးယားလိဂ်ကလပ်ကို ရော်နယ်ဒို ဖွင့်ဟ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုက ပီရက်ဇ် မော်ဂန်နဲ့ အင်တာဗျူးမှာ သူအထင်ကြီးတဲ့ ယူနိုက်တက် မဟုတ်တဲ့ ပရီးမီးယားလိဂ် ကလပ်အကြောင်း ထုတ်ပြောခဲ့ပါတယ်။

အဆိုပါကလပ်က မန်စီးတီး၊ လီဗာပူး၊ ချယ်ဆီးတို့လို အသင်းတွေ မဟုတ်ဘဲ ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် တစ်သင်းဖြစ်တဲ့ အာဆင်နယ်ပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုက သူ ယူနိုက်တက် မဟုတ်တဲ့ အခြားသော ပရီးမီးယားလိဂ် အသင်းအတွက် ကစားပေးရမယ်ဆိုရင် အာဆင်နယ်ကို သဘောကျတယ်လို့ ပြောဆိုခဲ့တယ်။

ပေါ်တူဂီသားက အာဆင်နယ်ရဲ့ အသင်းလိုက် ပုံစံကိုကော နည်းပြအာတီတာကိုပါ ချီးကျူးသွားခဲ့တယ်။

“ ကျနော်အတွက် ယူနိုက်တက်က ပထမဆုံးပါပဲ။ အကယ်လို့ ယူနိုက်တက်အတွက် ကစားပေးရတာ မဟုတ်ဘူးဆိုရင် အာဆင်နယ်က ကျနော် ကစားပေးချင်တဲ့ အသင်းမျိုးပါပဲ။ သူတို့အသင်း၊ သူတို့နည်းပြကို ကျနော် သဘောကျပါတယ်။ အာဆင်နယ်က အသင်းကောင်းလို့ ထင်မိတယ်။

ယူနိုက်တက် ပရီးမီးယားလိဂ်ဖလား အနိုင်မရဘူးဆိုရင် အာဆင်နယ်အသင်း အနိုင်ရသွားတာကို ကျနော် ပျော်ရွှင်ပါလိမ့်မယ်။ ” လို့ ရော်နယ်ဒိုက မော်ဂန်နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို ၅ မှတ်အသာဖြင့် ဦးဆောင်နိုင်နေတာဖြစ်ပြီး မန်စီးတီးရဲ့ အဓိက ဆုဖလား စိန်ခေါ်ဘက်ဖြစ်လာမယ်လို့ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။