ဘရာဇီး အပါအဝင် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်တဲ့ အသင်း (၅) သင်းကို နေမာ ရွေးထုတ်

ဘရာဇီးကြယ်ပွင့် နေမာက ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ဖီဖာ ကမ္ဘာဖလား အနိုင်ရရေး ရေပန်းစားမယ့် ကလပ် ၅ သင်းအကြောင်း ထုတ်ပြောလာပါတယ်။

အင်္ဂလန်သတင်းဌာန တယ်လီဂရပ်နဲ့ အင်တာဗျူးမှာ နေမာက ” ကမ္ဘာဖလားက အံ့ဩစရာတွေ အပြည့်နဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဘယ်သူမှ မထင်ထားကြတဲ့ အခြေအနေကနေ မမျှော်လင့်ထားတဲ့ အသင်းအချို့က မြင့်မားတဲ့ အဆင့်တွေထံ ရောက်ရှိသွားနိုင်ပါတယ်။

ကျနော်ကတော့ အာဂျင်တီးနား၊ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်တို့က ကမ္ဘာ့ဖလား အနိုင်ရရေး ရေပန်းစားအသင်းတွေ ဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။ အဲ့သည် ၄ သင်းနဲ့ ကျနော်တို့ ဘရာဇီးအသင်းဟာ ဖိုင်နယ်ကို ရောက်ရှိအောင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်လို့ ထင်မိပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နေမာက အထက်ပါ ခန့်မှန်းမှု လုပ်အပြီးမှာပဲ အင်္ဂလန်အသင်းအကြောင်း ထည့်ပြောခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ အသင်းကလည်း ကမ္ဘာဖလားအတွက် တောင့်တင်းတဲ့ ပြိုင်ဘက်ဖြစ်မယ်လို့ နေမာက ယူဆပါတယ်။

” အင်္ဂလန်ကို လုံးဝ မေ့နေတာ၊ ဒါပေမယ့် သူတိ့လည်း အခွင့်အရေး ရှိပါတယ်။ ဟယ်ရီကိန်းနဲ့ ဆန်ချိုတို့ကို ကျနော် တကယ် ကြိုက်တယ်။ သူတို့က မယုံနိုင်စရာ ကစားသမားကောင်းတွေပါ။ သူတို့ကို သဘောကျသလို သူတို့အသင်းရဲ့ အရည်အချင်းကိုလည်း နှစ်သက်မိပါတယ် ” လို့ နေမာက ပြောဆိုခဲ့ပါတယ်။

ကမ္ဘာဖလား ပြိုင်ပွဲဝင် အင်္ဂလန်အသင်းကို ဟယ်ရီကိန်း ဦးဆောင်လာမှာဖြစ်ပြီး ဆန်ချိုကတော့ လူစာရင်းမှာ ပါဝင်နိုင်ဖို့ ကျရှုံးခဲ့တာပဲ ဖြစ်ပါတယ်။