ကမ္ဘာဖလားအတွက် တူရင်က အသင်းလိုက် လေ့ကျင့်ရေးမှာ ဘရာဇီး အသင်းသား ၂ ဦး ဒဏ်ရာရရှိ

ကမ္ဘာ့ဖလားမတိုင်ခင် တူရင်က ဘရာဇီးအသင်းရဲ့ ပထမဆုံး လေ့ကျင့်ရေး အချိန်ပြည့်အတွင်း အသင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ကတော့ ကွင်းလယ်လူ ဘရူနို ဂွီမာရက်စ်နဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်တို့ဖြစ်ပါတယ်။ ဂွီမာရက်စ်ဟာ မနေ့က လေ့ကျင့်ရေးကွင်းမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရိုဒရိုင်ဂိုရဲ့ ခြေထောက်နင်းတာ ခံလိုက်ရပြီးနောက် ဆေးကုသမှုခံယူဖို့ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဒီနှစ် ဇန်နဝါရီမှာ ပေါင်သန်း ၄၀ နဲ့ လိုင်ယွန်ကနေ ပြောင်းလာပြီးကတည်းက ဂွီမာရက်စ်ဟာ နယူးကာဆယ်အတွက် အရေးပါတဲ့ အသင်းသား ဖြစ်ခဲ့တာပါ။ သူဟာ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရနေတဲ့ နယူးကာဆယ်အတွက် ၁၄ပွဲမှာ ၃ ဂိုးသွင်း၊ ၂ဂိုး ဖန်တီးပေးခဲ့ပါတယ်။

တဲလက်စ်ဟာလည်း ပီအက်စ်ဂျီကြယ်ပွင့် နေမာထံက ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့နောက် ဆေးကုသမှု ခံယူဖို့ လိုအပ်ခဲ့တာ ဖြစ်ပါတယ်။ နွေမှာ ယူနိုက်တက်ကနေ ဆီဗီလာထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် တဲလက်စ်ဟာ ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။

ဘရာဇီးနည်းပြ တီတီဟာ စနေနေ့ ဒိုဟာကို မသွားခင် နောက်ထပ် လေ့ကျင့်ရေး အစီအစဉ်တွေ ထပ်မံလုပ်ဆောင်ဦးမှာ ဖြစ်ပါတယ်။ လက်တလော ဒဏ်ရာရှိခဲ့တဲ့ အသင်းသား နှစ်ဦးလုံး အဆိုပါ လေ့ကျင့်ရေးတွေမှာ ပါဝင်နိုင်မယ်တော့ မျှော်လင့်ထားရပါတယ်။

ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁ ဖြစ်တဲ့ ဘရာဇီးဟာ ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်းပါ။ ၎င်းတို့ဟာ ၂၄ရက်နေ့မှာ ဆားဘီးယားနဲ့ အုပ်စုအဖွင့်ပွဲကို စတင်ကစားရမှာဖြစ်ပြီး အဲ့ဒီ့နောက် ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။