ကာတာ ကမ္ဘာဖလားအတွက် ဖီဖာရွေးချယ်တဲ့ ဒိုင်လူကြီး (၃၆) ဦးထဲမှာ အင်္ဂလန် ဒိုင်လူကြီး (၂) ဦး ပါဝင်

၂၀၂၂ ကာတာ ကမ္ဘာဖလား ပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်တွေအတွက် ဖီဖာက နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ဒိုင်လူကြီး ၃၆ ဦးကို အတည်ပြု ရွေးချယ်ထားပြီဖြစ်ပါတယ်။

အဆိုပါ ဒိုင်လူကြီးတွေထဲမှာ အမျိုးသား ဒိုင်လူကြီး ၃၃ ဦးနဲ့ အမျိုးသမီး ဒိုင်လူကြီး ၃ ဦး ပါဝင်လာပါတယ်။ အမျိုးသား ဒိုင်လူကြီးတွေထဲက ၄ ဦးဟာ အာရှတိုက် ကိုယ်စားပြုတွေဖြစ်ပြီး အမျိုးသမီးဒိုင် ၃ ဦးကတော့ ပြင်သစ်၊ ရာဝမ်ဒါနဲ့ ဂျပန်တို့မှ ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ကမ္ဘာဖလားပြိုင်ပွဲဝင် ၃၂ သင်းဟာ သက်ဆိုင်ရာ အသင်းသား ၂၆ ဦး ကိုယ်စီဖြင့် ကာတာမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဖီဖာအဆင့် ကမ္ဘာဖလား ပြိုင်ပွဲမှာတော့ ဒိုင်လူကြီးတွေဟာ VAR ပုံစံအသစ်ကို ကိုင်တွယ်ပြီး ပွဲကို ကြီးကြပ်ပေးရမှာ ဖြစ်ပါတယ်။

မိုက်ကယ် အိုလီဗာ – အင်္ဂလန်

အင်္ဂလန် မြောက်ပိုင်းဒေသသားဖြစ်တဲ့ အိုလီဗာဟာ အသက် ၃၇ နှစ်ပဲ ရှိသေးတာဖြစ်ပြီး အင်္ဂလန်ရဲ့ အလားအလာ အကောင်းဆုံး ဒိုင်လူကြီးအဖြစ် ယူဆခံရသူဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ယူအီးအက်ဖ်အေရဲ့ ထိပ်တန်း ဒိုင်လူကြီးတွေထဲက တစ်ဦးအဖြစ် ပါဝင်လာခဲ့တယ်။

သူဟာ ချန်ပီယံလိဂ်မှာ ၂၆ ကြိမ် ကိုင်တွယ်ဖူးပြီး ၂၀၂၀ ယူရို ပြိုင်ပွဲမှာလည်း ကိုင်တွယ်ဖူးပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဒိုင်လူကြီးအဖြစ် နာမည်ရပေမယ့် အင်္ဂလန်ပရိသတ်တွေရဲ့ ဝေဖန်ခံရမှုကို ကင်းလွှတ်သူတော့ မဟုတ်ပါဘူး။ သူကိုယ်တိုင်က နယူးကာဆယ် ပရိသတ်ဖြစ်ပြီး ဒီတစ်ကြိမ်ဟာ သူ့ရဲ့ ဒိုင်လူကြီးဘဝ ပထမဆုံး ကမ္ဘာဖလား ကိုင်တွယ်ခြင်း ဖြစ်ပါတယ်။

အန်တိုနီ တေလာ – အင်္ဂလန်

မန်ချက်စတာဖွား ဒိုင်လူကြီး အန်တိုနီဟာ ပရီးမီးယားလိဂ်မှာ ပွဲကြီးတွေကို ကိုင်တွယ်ခြင်းဖြင့် ထင်ရှားသူ တစ်ဦးဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဒိုင်လူကြီးက ၁၁၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အက်ဖ်အေ ဗိုလ်လုပွဲကို ၂ ကြိမ် တာဝန်ယူဖူးသူဖြစ်ပါတယ်။

၂၀၂၀ ယူရိုပြိုင်ပွဲအတွင်း ဒိန်းမတ်နဲ့ ဖင်လန်အသင်းတို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်ရာမှာ အထူး ချီးကျူးခံခဲ့ရသူ ဖြစ်ပါတယ်။ ပွဲချိန် ၄၃ မိနစ်မှာ အဲရစ်ဆန် လဲကျခဲ့တဲ့ ဖြစ်ရပ်အတွင်း တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ရဲ့ ကိုင်တွယ်နိုင်စွမ်းဟာ ကွင်းလယ်လူကို အန္တရာယ်ကင်းစေရာမှာ အဓိက ကျခဲ့ပါတယ်။

၂၀၂၁ နေးရှင်းလိဂ် ဗိုလ်လုပွဲကိုလည်း တာဝန်ယူခဲ့ကာ နိုင်ငံတကာ အဆင့်မှာတော့ အန်တိုနီ တေလာဟာ နာမည်ကောင်းရတဲ့ ဒိုင်လူကြီးတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်မှာတော့ သူကလည်း မကြာခဏ ဝေဖန်ခံရတဲ့ ဒိုင်လူကြီးတစ်ဦး ဖြစ်ပါတယ်။