အင်္ဂလန်ကို ကျော်ပြီး ကမ္ဘာဖလားမှာ သူ ချန်ပီယံဖြစ်စေချင်တဲ့ အသင်းကို ဝိန်းရွန်းနီ ရွေးထုတ်

ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါက်ကွဲလွယ်တဲ့ မိနစ် ၉၀ ကြာ အင်တာဗျူးအပြီး ဝိန်းရွန်းနီဟာလည်း သတင်းခေါင်းစည်းတွေမှာ တွဲဘက် ဖော်ပြခံရသူအဖြစ် ပါဝင်နေခဲ့ပါတယ်။

ဘာတွေပဲဖြစ်ခဲ့ပါစေ သင်ပုန်းချေဖို့ အဆင်သင့်ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ဟာ သူ့အသင်းဖော်ဟောင်း ရော်နယ်ဒို ဒါမှမဟုတ် လီယွန်နယ် မက်ဆီကို ကာတာမှာ ယှဉ်ပြိုင်မယ့် ဖီဖာကမ္ဘာ့ဖလားကို အောင်မြင်စေချင်နေတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ဆယ်စုနှစ် တစ်ခုကျော် ကမ္ဘာ့ဘောလုံးလောကကို လွှမ်းမိုးထားခဲ့ပြီး ကလပ်အဆင့်မှာ အများကြီး အောင်မြင်ထားကြပေမယ့် လက်ရွေးစင်တွေနဲ့အတူ ကမ္ဘာ့ဖလား အောင်မြင်မှုတော့ မရရှိသေးပါဘူး။

မက်ဆီဟာ ဖိအားတွေနဲ့ အသားကျသူဖြစ်ပြီး သူ့ကစားသမားဘဝမှာ ကမ္ဘာ့ဖလား အောင်မြင်ခဲ့သူ ဆိုတဲ့ အမွေအနှစ်ကို ချန်ထားချင်တဲ့ စိတ်ကူးမျိုး ရှိနေလိမ့်မယ်လို့ ရွန်းနီက ပြောဆိုခဲ့ပါတယ်။

“ မက်ဆီက မျှော်လင့်ချက်တွေကို ကိုင်တွယ်ဖို့ရာမှာ အသားကျနေပါပြီ။ အမွေအနှစ် တစ်ခုခု ချန်ထားချင်တဲ့ စိတ်ကူးက သူ့အတွေးထဲမှာ သေချာပေါက် ရှိနေမှာပါ။ ကျွန်တော်ကတော့ မက်ဆီ ဒါမှမဟုတ် ရော်နယ်ဒိုကို ကမ္ဘာ့ဖလား ကိုင်မြှောက်တာ မြင်ချင်ပါတယ်။

ကမ္ဘာဖလား အောင်မြင်လိုက်တာက သူတို့ရဲ့ မယုံနိုင်စရာ ကစားသမား ဘဝတွေအတွက် ပြည့်စုံတဲ့ အဆုံးသတ် ဖြစ်စေမှာပါ။ မက်ဆီက အာဂျင်တီးနား အောင်မြင်မှုရအောင် ကူညီပေးဖို့ သူတတ်နိုင်သမျှ အရာအားလုံး လုပ်သွားမယ်လို့ ကျွန်တော် ယုံပါတယ် ” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဒီနှစ်မှာ ၃၅နှစ် ပြည့်ခဲ့ပြီး ရော်နယ်ဒိုက ၃၇နှစ် ရှိနေခဲ့ပါပြီ။ ဒီတစ်ကြိမ်ဟာ သူ့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလား ဖြစ်သွားနိုင်တယ်လို့ မက်ဆီက ထုတ်ပြောထားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ ကာတာ ကမ္ဘာဖလားဟာ ပေါ်တူဂီနဲ့အတူ သူ့ရဲ့ နောက်ဆုံးပြိုင်ပွဲ မဟုတ်သေးဘူးလို့ ဆိုထားပါတယ်။

မက်ဆီဟာ ၂၀၁၄ မှာ အာဂျင်တီးနားနဲ့အတူ ဖိုင်နယ်ကို ရောက်ခဲ့ပေမယ့် ဂျာမနီကို အရေးနိမ့်ခဲ့ရပါတယ်။ ရော်နယ်ဒို ကတော့ ပေါ်တူဂီနဲ့အတူ ကမ္ဘာဖလား ဖိုင်နယ်ကို မရောက်ဖူးသေးပါဘူး။