ကမ္ဘာဖလား အနိုင်ရမယ့် အသင်းနဲ့ မက်ဆီ vs ရော်နယ်ဒိုကြား ဘယ်သူက ပိုခက်တဲ့ ပြိုင်ဘက်လဲ ရော်ဘတ်ဆန် ရွေးထုတ်

လီဗာပူးနောက်ခံလူ အန်ဒီ ရော်ဘတ်ဆန်ဟာ မရိုးနိုင်တဲ့ ထာဝရအကောင်းဆုံး GOAT ငြင်းခုံမှုတစ်ခုဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုကြား ဘယ်သူပိုကောင်းလဲ အတွက် ရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လီဗာပူးနဲ့အတူ ဥရောပအဆင့်မြင့် ပြိုင်ပွဲတွေမှာ ပါဝင် ကစားပေးထားတဲ့ ရော်ဘတ်ဆန်ဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ မက်ဆီရော၊ ရော်နယ်ဒိုနဲ့ပါ ရင်ဆိုင်ကစားခဲ့ဖူးတာပါ။

မက်ဆီရဲ့ ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်အဆင့်မှာ တွေ့ခဲ့ဖူးတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်အသင်းတွေမှာ ကစားခဲ့တဲ့ ရော်နယ်ဒိုကိုတော့ ချန်ပီယံလိဂ်ကော၊ ပရီးမီးယားလိဂ်မှာပါ ထိပ်တိုက်တွေ့ဖူးပါတယ်။

သူ့ကစားသမားဘဝထဲမှာ ရင်ဆိုင်ဖူးခဲ့တဲ့ အခက်ခဲဆုံး ပြိုင်ဘက်ကို မေးမြန်းခဲ့ရာ စကော်တလန်သားက အာဂျင်တိုင်း အိုင်ကွန်ဘက်က ရှိနေခဲ့ပြီး မဆိုင်းမတွဘဲ မက်ဆီကို ထည့်ပြောခဲ့ပါတယ်။

မက်ဆီ Vs ရော်နယ်ဒို ငြင်းခုံမှုအပေါ်မှာ ဘယ်နောက်ခံလူက “ကျွန်တော့်အနေနဲ့ မက်ဆီလို့ ပြောရလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ရဲ့ အခက်ခဲဆုံး ပြိုင်ဘက် ဖြစ်ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ကတော့ Team Messi ပါပဲ ” လို့ ပြောဆိုခဲ့ပါတယ်။

ရော်ဘတ်ဆန်ရဲ့ စကော်တလန်အသင်းဟာ ကမ္ဘာဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ ခြေစစ်ပွဲ မအောင်ခဲ့ပါဘူး။ ကမ္ဘာအဆင့် ပြိုင်ပွဲကြီးကို ပရိသတ်အနေနဲ့ အားပေးဖို့ ရှိနေတဲ့ ဘယ်အစွန်လူက ဖလားရမယ်လို့ သူယူဆတဲ့ လက်ရွေးစင်အသင်းကို အခုလို ခန့်မှန်းပေးခဲ့ပါတယ်။

ရော်ဘတ်ဆန်က ” ကျနော်ကတော့ ဘရာဇီးနဲ့ အာဂျင်တီးနား နှစ်သင်းထဲကပဲ အနိုင်ရမယ်ထင်ပါတယ်။ ကျနော်တို့ လီဗာပူးမှာက အာဂျင်တီးနား ကစားသမား မရှိဘူးဆိုတော့ ဘရာဇီး အနိုင်ရသွားဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ဘရာဇီးအသင်းမှာ ရော်ဘတ်ဆန်ရဲ့ ကလပ် အသင်းဖော်တွေဖြစ်တဲ့ ဂိုးသမား အယ်လီဆန်၊ ကွင်းလယ်လူ ဖာဘင်ညိုတို့ ပါဝင်နေတာပဲ ဖြစ်ပါတယ်။