ကမ္ဘာဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်လို့ တန်ကြေး ထိုးတက်ပြီး အသင်းသစ် ရခဲ့ကြတဲ့ ကစားသမားများ

ကမ္ဘာဖလား ပြိုင်ပွဲအပြီးမှာ ပွဲစဉ်တွေအတွင်း တောက်ပခဲ့တဲ့ ကစားသမားတွေက ပြိုင်ပွဲကြီး အလွန်မှာ ပိုမြင့်မားတဲ့ တန်ကြေးတွေနဲ့အတူ အသင်းသစ်တွေထံ ကူးပြောင်းခွင့်ရခဲ့ပါတယ်။ သူတို့ထဲက အချို့ကို ဗြိတိန်သတင်းဌာန Mirror က အခုလို ဆွဲထုတ် ဖော်ပြခဲ့ပါတယ်။

ကီရန် ထရစ်ပီယာ – ခရိုအေးရှားနဲ့ ၂၀၁၈ ဆီမီးဖိုင်နယ်မှာ အင်္ဂလန်အတွက် ဂိုးသွင်းယူခဲ့ပြီးနောက် ထရစ်ပီယာကို စိတ်ဝင်စားတဲ့ အသင်းတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။ ကမ္ဘာဖလားအပြီးမှာ အက်သလက်တီကို မက်ဒရစ်ထံ ပေါင် ၂၀ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး တန်ဖိုးက ၁၀ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။

ဘန်ဂျမင် ပါဗတ် – အာဂျင်တီးနားနဲ့ပွဲမှာ သူ့ရဲ့ မှင်သက်ဖွယ် မြေမထိ ကန်ချက်ဟာ ပြင်သစ်ရဲ့ ၂၀၁၈ ကမ္ဘာ့ဖလား အောင်မြင်မှုလမ်းကြောင်းမှာ အရေးပါခဲ့တာပါ။ ကမ္ဘာ့ဖလားအပြီး ဘိုင်ယန်ဟာ သူ့ကို ပေါင် ၃၁.၅သန်းနဲ့ ခေါ်ယူခဲ့ရတာကြောင့် မူလတန်ကြေးကနေ ၁၇ ရာခိုင်နှုန်း မြင့်တက်သွားတာ ဖြစ်ပါတယ်။

အလက်ဆန်ဒါ ဂိုလိုဗင် – ဆော်ဒီအာရေးဗျနဲ့ အဖွင့်ပွဲမှာ အိမ်ရှင် ရုရှားအတွက် သူ့ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာ အကောင်းဆုံးဖြစ်ခဲ့ပြီး တစ်ဂိုးသွင်း၊ ၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲအတွင်း သူ့ရဲ့ ခြေစွမ်းတွေကြောင့် CSKA မော်စကိုကနေ မိုနာကိုထံ ပေါင် ၂၇ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီး တန်ကြေး ၆၇ ရာခိုင်နှုန်း မြင့်တက်သွားတာပါ။

ဟားမက်စ် ရိုဒရီဂွက်ဇ် – ဟားမက်စ် ရိုဒရီဂွက်ဇ်ဟာ ဥရုဂွေးနဲ့ပွဲမှာ အမှတ်ရဖွယ် မြေမထိဘောနဲ့ ဂိုးသွင်းယူခဲ့ပြီး ပွတ်စကပ်ဆုကို ရခဲ့သလို ၅ ပွဲအတွင်း အကောင်းဆုံး ကစားသမားဆု ၃ကြိမ် ရခဲ့တာပါ။ ကမ္ဘာဖလားအပြီး မိုနာကိုကနေ ရီးရဲလ်မက်ဒရစ်ထံ ပေါင် ၆၇.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး မူလတန်ဖိုး ပေါင် ၃၁.၅ သန်းထက် ၁၁၄ ရာခိုင်နှုန်း မြင့်တက်သွားတာ ဖြစ်ပါတယ်။

ရာမီးရက်စ် – ၂၀၁၀ ကမ္ဘာ့ဖလားမှာ တောက်ပခဲ့တဲ့ ဘရာဇီးကွင်းလယ်လူဟာ ချယ်ဆီးရဲ့ မျက်စိကျခံခဲ့ရပါတယ်။ ဘရာဇီးကတော့ ကွာတားဖိုင်နယ်ကနေ လှည့်ပြန်ခဲ့ရသလို ရာမီးရက်စ်မပါလို့ နယ်သာလန်ကို ရှုံးတာဆိုပြီး ဘရာဇီးနည်းပြကတောင် ပြောခဲ့ရတာပါ။ သူဟာ ချယ်ဆီးထံ ပေါင် ၁၉ သန်းနဲ့ ခေါ်ယူခံခဲ့ရပါတယ်။

ကေလာ နာဗက်စ် – ကော်စတာရီကာတို့ ကွာတားဖိုင်နယ် ရောက်ခဲ့တဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဂိုးသမား ကေလာ နာဗက်စ်က အရေးပါခဲ့တယ်။ သူဟာ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမားဆု ၃ ကြိမ်ရရှိခဲ့သလို ရီးရဲလ်မက်ဒရစ်က သူ့စာချုပ် ဖျက်သိမ်းကြေးအဖြစ် ပေါင် ၉ သန်း ပေးဝယ်ခဲ့တာပါ။ ကမ္ဘာဖလား မတိုင်ခင် သူ့ရဲ့ တန်ကြေးက ပေါင် ၃ သန်းပဲဖြစ်ပါတယ်။

ဒါလေ ဘလိုင်း – ၂၀၁၄ ကမ္ဘာ့ဖလားမှာ နယ်သာလန်ရဲ့ စွမ်းဆောင်ရည်ကြာင့် နည်းပြ ဗန်ဟားက ယူနိုက်တက် နည်းပြရာထူးကို ရရှိခဲ့ပြီး ဘလိုင်းလည်း အိုးထရက်ဖို့ဒ်ကို လိုက်ပါလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ သူ့အတွက် အေဂျက်ကို ပေါင် ၁၅.၇၄သန်း ပေးခဲ့ရပြီး မူလတန်ဖိုး ပေါင် ၅.၄သန်းထက် ၁၉၂ ရာခိုင်နှုန်း မြင့်တက်သွားတာ ဖြစ်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယား – ၂၀၁၈ ကမ္ဘာ့ဖလားမှာ အင်္ဂလန်ရဲ့ အဓိက ခံစစ်မှူးဖြစ်ခဲ့တဲ့ မက်ဂွိုင်းယားဟာ လက်စတာအတွက်ပါ အထင်ကြီးစရာ ခြေစွမ်းပြခဲ့နောက် ၂၀၁၉ နွေရာသီမှာ ယူနိုက်တက်က ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ကြေးအဖြစ် ပေါင် ၇၈.၃ သန်း ပေးခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား မတိုင်ခင်က ပေါင် ၂၂.၅ သန်းထက် အတော်လေးကို များပြားတဲ့ ၂၄၈ ရာခိုင်နှုန်း ထိုးတက်သွားတာ ဖြစ်ပါတယ်။

မားကို့စ် ရိုဂျို – ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဖိုင်နယ်ထိရောက်ခဲ့တဲ့ အာဂျင်တီးနားအတွက် တစ်ပွဲသာ လွဲချော်ခဲ့ပြီး ကျန်တဲ့ပွဲတိုင်း အချိန်ပြည့် ကစားပေးခဲ့တဲ့သူပါ။ ယူနိုက်တက်ဟာ ဩဂုတ်လမှာပဲ သူ့ကို စပို့တင်းလစ္စဘွန်းကနေ ပေါင် ၁၈ သန်းနဲ့ ဝယ်ယူခဲ့ပြီး ဒါဟာ မူလက ပေါင် ၄.၅ သန်း တန်ကြေးထက် မယုံနိုင်ဖွယ် ၃၀၀ ရာခိုင်နှုန်း မြင့်တက်သွားတာ ဖြစ်ပါတယ်။