ရော်နယ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ရဲ့ ပေါ်တူဂီ အဝတ်လဲခန်းတွင်း တွေ့ဆုံမှုအပေါ် စိတ်ဝင်စားခံရမှု မြှင့်တက်နေ

ကမ္ဘာဖလားပွဲအတွက် လူစာရင်း စုစည်းမှုအဖြစ် ပေါ်တူဂီ လက်ရွေးစင် အသင်းသားတွေဟာ ပေါ်တူဂီမြေမှာ ပြန်လည် စုံတွေ့ကြပြီ ဖြစ်ပါတယ်။

ပီရက်ဇ် မော်ဂန်နဲ့ ပြုလုပ်ထားတဲ့ မိနစ် ၉၀ အင်တာဗျူးနဲ့အတူ စီရော်နယ်ဒိုဟာ ဘောလုံးလောကကို အံ့ဩသင့်စေတဲ့ မှတ်ချက်တွေကို ဖြေဆိုပေးထားတာပါ။ အဆိုပါ အင်တာဗျူးမှာ အသင်းက သစ္စာဖောက်ခဲ့တယ် ခံစားရကြောင်းနဲ့ တန်ဟက်ကို မလေးစားဘူးဆိုတဲ့ မှတ်ချက်တွေ ပါဝင်ခဲ့တယ်။

ဒီအပတ်အတွင်းမှာ ရော်နယ်ဒိုရဲ့ အင်တာဗျူး အပြည့်အစုံ ထွက်လာဖို့ ရှိနေကာ အသင်းပိုင်ရှင်တွေကို ဝေဖန်မှုတွေ ပါဝင်လာပါဦးမယ်။ ယူနိုက်တက်ဘက်ကတော့ ‘ အချက်အလက် အပြည့်အစုံကို ဖော်ထုတ်ပြီးရင် တုန့်ပြန်ဖို့ စဉ်းစားပါမယ် ’ ဆိုကာ ရော်နယ်ဒိုရဲ့ အင်တာဗျူးကိစ္စကို စာထုတ်ထားခဲ့တယ်။

ဖူလ်ဟမ်နဲ့ပွဲကို အဖျားကြောင့် မကစားနိုင်ကြောင်း ငြင်းဆန်ထားတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီမှာ ရောက်နှင့်နေပေမယ့် ကလပ်အသင်းဖော်ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်က ဒီကနေ့မနက်မှာ လက်ရွေးစင်အသင်းထံ ရောက်လာခဲ့ပါတယ်။

ကွင်းလယ်လူဟာ အစောပိုင်းမှာ ရော်နယ်ဒိုကို ကျော်သွားလိုပုံရပေမယ့် ရော်နယ်ဒိုက လက်ကမ်းခဲ့ချိန် နှုတ်ဆက်ခဲ့ပြီး စကားနည်းနည်း ပြောသွားခဲ့တာပါ။ အဲ့နောက် ချက်ခြင်း လှည့်ထွက်သွားခဲ့ပြီး သူ့ကိုကြည့်ပြီး ကျန်ရစ်ခဲ့တဲ့ ရော်နယ်ဒိုရဲ့ အနေအထားဟာ လူမှုကွန်ယက်ပေါ် ရောက်လာခဲ့ပါတယ်။

အင်တာဗျူးအပြီး ပထမအကြိမ် ယူနိုက်တက် အသင်းသား နှစ်ဦး တွေ့ဆုံမှုဟာ တစ်ခုခု အဆင်မပြေတာမျိုး ရှိခဲ့တယ်လို့ ဘောလုံးပရိသတ်တွေက ယူဆထားကြတယ်။ ဘရူနို ပျော်ရွှင်နေပုံ မရဘူးဆိုတဲ့ မှတ်ချက်မျိုးက အများဆုံးဖြစ်ပါတယ်။

အချို့ကတော့ နှစ်ဦးရဲ့ ခန္ဓာကိုယ် အမူအယာတွေအရ တစ်ခုခု ကတောက်ကဆ ဖြစ်ခဲ့တယ်လို့ ယူဆနေပါတယ်။ အဆိုပါ ဗီဒီယိုဟာ ကြည့်ရှုသူပေါင်း သန်းနဲ့ချီနေတဲ့ထိ စိတ်ဝင်စားခြင်း ခံနေရပြီ ဖြစ်ပါတယ်။

ပေါ်တူဂီသတင်းထောက် Pedro Sepulveda ကတော့ ရော်နယ်ဒိုနဲ့ ဘရူနိုကြား ဘာကိစ္စမှ မရှိခဲ့ကြောင်းနဲ့ ကစားသမားတွေက ကမ္ဘာဖလားမှာ လက်ရွေးစင် အသင်းတွေအတွက် အကောင်းဆုံး စွမ်းဆောင်ပြဖို့ပဲ အာရုံစိုက်နေပါတယ်လို့ ထုတ်ပြောသွားခဲ့ပါတယ်။