ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး တစ်ဦးကို နယ်သာလန် လူစာရင်းကနေ ချန်လှပ်တဲ့ နည်းပြဗန်ဟား

လူးဝစ်ဗန်ဟားက ကမ္ဘာ့ဖလားအတွက် သူ့ရဲ့ ဟော်လန် လူစာရင်းကို ကြေညာခဲ့ရာမှာ ဒီရာသီ ဥရောပမှာ တောက်ပနေတဲ့ ကစားသမားအချို့ကို ချန်လှပ်ခဲ့ပါတယ်။

နယ်သာလန်ဟာ အုပ်စု A ထဲမှာ ဆီနီဂေါ၊ အီကွေဒေါ၊ အိမ်ရှင် ကာတာတို့နဲ့အတူ ကျရောက်နေတာပါ။ နယ်သာလန်ဟာ အုပ်စုအဆင့်ကနေ ကျော်လွန်သွားမယ်လို့ ရေပန်းစားနေပြီး သူတို့အသင်းမှာ အလားအလာရှိ ကြယ်ပွင့် အများအပြား ရှိနေတာ ဖြစ်ပါတယ်။

ဗန်ဟားက သူ့ရဲ့ ၂၆ ယောက် လူစာရင်းထဲမှာ ပီအက်စ်ဗီကြယ်ပွင့် ဇာဗီဆိုင်မွန်ကို ရွေးချယ်ခဲ့ပါတယ်။ ၁၉နှစ်အရွယ် ဇာဗီဆိုင်မွန်ဟာ အနာဂတ်မှာ နယ်သာလန်ရဲ့ အဓိက ကစားသမားဖြစ်လာဖို့ တစ်ပေးခံထားရတာဖြစ်ပြီး နိုင်ငံတကာစင်မြင့်မှာ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးကို စောစောစီးစီး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ နယူးကာဆယ်မှ ခံစစ်မှူး ဆဗန် ဘော့မန်းနဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ရိုင်ယန် ဂရာဗင်ဘက်ချ်တို့ မပါဝင်ခဲ့ပါဘူး။ ၂၀၁၃ ကတည်းက နယ်သာလန်အတွက် ၆၃ပွဲ ကစားပေးခဲ့တဲ့ အတွေ့အကြုံရင့် ဂိုးသမား ဂျက်စပါ စီလက်ဆင်လည်း လူစာရင်းထဲ မပါဝင်ခဲ့ပါဘူး။

ဒါဟာ ကိုဗစ်ကြောင့် ယူရို ၂၀၂၀ ကို လွဲချော်ခဲ့ပြီးနောက် ဝါရင့် ဂိုးသမားကြီးဟာ နောက်ထပ်တစ်ကြိမ် နိုင်ငံအသင်းနဲ့ လွဲချော်ခဲ့ရခြင်း ဖြစ်ပါတယ်။ ဘိုင်ယန်ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာကလည်း ပြင်းထန်တဲ့ နေရာပြိုင်ဆိုင်မှုတွေကြောင့် လွဲချော်ခဲ့ရတာပါ။

နွေရာသီမှာ လိုင်လီကနေ နယူးကာဆယ်ကို ရောက်လာခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ တောက်ပနေတဲ့ ဘော့မန်းဟာ ပဏာမ လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့် ၂၆ယောက် လူစာရင်းထဲတော့ မပါလာခဲ့ပါဘူး။ ဗဟိုနောက်ခံလူဟာ အခုချိန်ထိ စီနီယာအသင်းအတွက် လုံးဝ ပွဲမကစားရသေးတာ ဖြစ်ပါတယ်။

လက်ရွေးစင်အသင်းမှာ မပါဝင်နိုင်ခဲ့တဲ့ တခြားကစားသမားတွေကတော့ ဘရိုင်ယန် ဘရော့ဘာရီ၊ ဂက်စ်တီလ်၊ ဗန်ဒီဘိခ်၊ ဒီဗိုင်းရန့်ချ်နဲ့ မစ်ချယ် ဘက်ကာတို့ပဲ ဖြစ်ပါတယ်။ အေဂျက်ရဲ့ ဒီဗိုင်းရန့်ချ်အစား ဗန်ဟားက ညာနောက်တန်းနေရာမှာ လေဗာကူဆင်ရဲ့ ဖရင်ပွန်ကို ရွေးချယ်လိုက်တာပါ။

ဒါပေမယ့် နယ်သာလန်အသင်းရဲ့ လူစာရင်းထဲမှာ လီဗာပူးရဲ့ ဗန်ဒိုက်၊ ဘိုင်ယန်ရဲ့ ဒီလစ်နဲ့ ဘာစီလိုနာရဲ့ ဒီဂျောင်တို့လို နာမည်ကြီး ကစားသမား အတော်များများ ပါဝင်ပါတယ်။ ဟော်လန်ရဲ့ တိုက်စစ်ကြောင်းကိုတော့ မန်းဖစ် ဒီပိုင်းနဲ့ စတီဗင် ဘက်ဝိုင်တို့က ဦးဆောင်သွားမှာပါ။

နယ်သာလန်အသင်းဟာ ဒီကနေ့မှာ အသင်းလူစာရင်း အားလုံး တွေ့ဆုံကြပြီးမှ ကာတာကို သွားကြမှာပါ။ သူတို့ရဲ့ အဖွင့်ပွဲကတော့ ၂၁ရက်နေ့မှာ ဆီနီဂေါနဲ့ ကစားရမှာ ဖြစ်ပါတယ်။