၂၀၂၂ ကာတာ ကမ္ဘာဖလားအတွက် သူအကြိုက်ဆုံး အင်္ဂလန်အသင်း ပွဲထွက် ၁၁ ဦးကို ဝိန်းရွန်းနီ ရွေးချယ်

အင်္ဂလန်ဂန္တဝင် ဝိန်းရွန်းနီက ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ နည်းပြဆောက်ဂိတ်အတွက် အကောင်းဆုံးဖြစ်မယ့် ပွဲထွက် လူစာရင်းကို ရွေးချယ်ပေးခဲ့ပါတယ်။

ရွန်းနီက သူ့စိတ်ကြိုက် လူစာရင်းအတွက် ဂိုးသမားအဖြစ် အဲဗာတန်အသင်းက ပစ်ဖို့ဒ်ကို ရွေးချယ်ခဲ့တယ်။ ခံစစ်ကြောင်းအတွက်တော့ ယူနိုက်တက်က ဟယ်ရီ မက်ဂွိုင်းယားနဲ့ ဘယ်အစွန်လူ လုခ်ရှော၊ စီးတီးဗဟိုနောက်ခံလူ ဂျွန်စတုန်းနဲ့အတူ လီဗာပူး ညာအစွန်လူ ထရန့်တို့ကို မြင်တွေ့ချင်နေတာ ဖြစ်ပါတယ်။

ကွင်းလယ်အတွက်တော့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်နဲ့ စီးတီးရဲ့ ကယ်ဗင်ဖီးလစ်တို့ကို double pivot အဖြစ် ရွေးချယ်ခဲ့ပြီး ဒေါ့မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကို တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ အနောက်က ကွင်းလယ်တိုက်စစ်အဖြစ် ထားထားခဲ့ပါတယ်။

တောင်ပံနှစ်ဖက်မှာတော့ ရွန်းနီဟာ အာဆင်နယ်နဲ့ မန်စီးတီး ကြယ်ပွင့်တွေဖြစ်တဲ့ ဘူကာယို ဆာကာနဲ့ ဖီးဖိုဒန်တို့ကို ရွေးချယ်ခဲ့ပါတယ်။ တိုက်စစ်မှူး နေရာမှာတော့ စပါးအသင်းမှ ဟယ်ရီကိန်းဖြစ်ပါတယ်။

လက်ရှိ အင်္ဂလန်အသင်းရဲ့ ထာဝရထိပ်တန်းဂိုးသွင်းရှင် နေရာမှာ ရွန်းနီက ၅၃ဂိုးနဲ့ ရပ်တည်နေပေမယ့် ကိန်းဟာ ဒုတိယနေရာမှာ ၅၁ ဂိုးဖြင့် ဖိအားပေးနေတာပါ။ ရွန်းနီးကတော့ ဒီကမ္ဘာဖလားမှာ စပါးတိုက်စစ်မှူးက သူ့ရဲ့ အင်္ဂလန်စံချိန်ကို ချိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ ကိန်းအတွက် ကျွန်တော် ဝမ်းသာတယ်။ သူက ဒီစံချိန်ကို ချိုးမယ်လို့ ကျွန်တော် ထင်မိတယ်။ သူ ဂိုး၇၀လောက်တောင် ရလိမ့်မယ်လို့ ထင်တာပါ။ ဒီစံချိန်ကို ရယူဖို့ ဟယ်ရီထက် ပိုကောင်းတဲ့လူကို ကျွန်တော်တွေးလို့ မရဘူး။ ကမ္ဘာ့ဖလားမှာ သူ ဒါကို လုပ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါမှလည်း အင်္ဂလန်အတွက် ကောင်းမှာပါ”လို့ ရွန်းနီက ဆိုခဲ့ပါတယ်။

အင်္ဂလန်ဟာ နိုဝင်ဘာ ၂၁ရက်နေ့မှာ ပထမဆုံး အုပ်စုပွဲစဉ်အဖြစ် အီရန်နဲ့ တွေ့ပြီးရင် ၄ရက်အကြာမှာ အမေရိကန်နဲ့ တွေ့ရမှာပါ။ သူတို့ရဲ့ အုပ်စုတွင်း နောက်ဆုံးပြိုင်ဘက် ဝေးလ်စ်ကိုတော့ နိုဝင်ဘာ ၂၉ မှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။