ဥရောပ အလားအလာအရှိဆုံး ဆယ်ကျော်သက်လေး ပါဝင်နေတဲ့ ဂျာမနီရဲ့ ကမ္ဘာဖလား လူစာရင်း

ဂျာမနီနည်းပြ ဟန်ဆီဖလစ်ဟာ ကမ္ဘာ့ဖလားအတွက် ၂၆ ဦးပါ လက်ရွေးစင် လူစာရင်းကို ထုတ်ပြန် ကြေညာထားခဲ့ပြီ ဖြစ်ပါတယ်။

ဝါရင့်နောက်ခံလူ မတ်ဟမ်းမဲလ်၊ ဒေါ့မွန်အသင်းခေါင်းဆောင် မာကိုရူးစ်နဲ့ ပြင်းထန် ဒူးဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန် ဝက်ဇ်တို့ကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

ဒါပေမယ့် ဘိုင်ယန်မြူးနစ်မှ မူဆီယာလာအပြင် ဒေါ့မွန်ရဲ့ ၁၇နှစ်အရွယ် တိုက်စစ်ကြယ်ပွင့် ယူဆိုဖာ မိုကိုကို ကိုပါ လက်ရွေးစင် လူစာရင်းအတွက် ထည့်သွင်းခဲ့ပါတယ်။ ကင်မရွန်းဖွား မိုကိုကိုဟာ မထင်မှတ်ထားတဲ့ ပါဝင်လာမှုဖြစ်ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် အဖြစ် ဂျာမနီ လက်ရွေးစင်အသင်းရဲ့ ခေါ်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပါရမီရှင် ဆယ်ကျော်သက်လေးဟာ ဂျာမနီ ယူ-၂၁ အတွက် ကစားပေးထားတဲ့ ၅ပွဲမှာ ၆ဂိုး သွင်းယူခဲ့ထားခဲ့တယ်။ သူဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ ၁၃ပွဲမှာ ၆ဂိုး ရရှိထားသလို လိဂ်သမိုင်းမှာ သူ့ထက်ငယ်တဲ့ ဘယ်ကစားသမားကမှ လိဂ် ၁၀ ဂိုး မပြည့်ခဲ့ပါဘူး။

မိုကိုကိုဟာ ဒဏ်ရာရနေတဲ့ တီမိုဗာနာရဲ့ နေရာကို တိုက်ရိုက် အစားဝင်လာခဲ့ခြင်း ဖြစ်ပါတယ်။ ဂျာမနီ လက်ရွေးစင်အသင်းမှာ ပါဝင်လာတာနဲ့ ပတ်သက်ပြီး မိုကိုကိုက

“ ကျွန်တော် မယုံနိုင်ဘူးဗျာ။ မနှစ်က ဒီလိုအချိန်မှာ ကျွန်တော် လမ်းပျောက်နေခဲ့တာ။ ဒဏ်ရာပြဿနာတွေ အများကြီးနဲ့ ရုန်းကန်ခဲ့ရပြီး ကစားချိန်နည်းနည်းပဲ ရခဲ့တယ်။ အခုထိ ကျွန်တော် ကိုယ့်ကိုယ်ကို အကောင်းမြင်ပြီး ယုံကြည်မှုရှိဖို့ ကြိုးစားနေတုန်းပါ။

ကျွန်တော် ဘာတွေ လုပ်နိုင်တယ်ဆိုတာ သိခဲ့တယ်။ ကမ္ဘာ့ဖလားမှာ ပါဝင်ရတာဟာ ကစားသမားတွေရဲ့ တစ်ဘဝလုံးစာ အိမ်မက်ဖြစ်တာကြောင့် ကျွန်တော့်အတွက် အတော်လေး ဂုဏ်ယူစရာ ကောင်းပါတယ်။ ကြိုးစားခဲ့ရတာတွေ အရာထင်လာတာပဲ။ ကျွန်တော် ပြောမပြတတ်အောင် ပျော်နေပါတယ် ” လို့ ဆိုခဲ့ပါတယ်။

၂၀၁၄ မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်းသား မတ်ဟမ်းမဲလ်က ချန်လှပ်ခံခဲ့ရပေမယ့် သူ့ရဲ့ အသင်းဖော် နီကို ရှာလော့တာဘက်ခ်က ပါဝင်ခဲ့ပါတယ်။ ဆောက်သမ်တန်ရဲ့ လူငယ်နောက်ခံလူ အာမယ် ဘယ်လာကော့ချပ်လည်း ပါဝင်ပါတယ်။

“ ဟမ်းမဲလ်က ကြံ့ခိုင်မှုပြည့်ဝပြီး ခြေစွမ်းပြနေပေမယ့် ကျွန်တော်တို့ နည်းပြအဖွဲ့တွေ ဆွေးနွေးပြီး ပိုငယ်ရွယ်တဲ့ ကစားသမား (ဘယ်လာကော့ချပ်) ကို ထည့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အနာဂတ်အတွက် ပိုပြီး အာရုံစိုက်ရတယ်လေ ” ဆိုကာ လူစာရင်း ရွေးချယ်မှုအတွက် နည်းပြ ဖလစ်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီအသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်း အပြည့်အစုံကတော့

ဂိုး – နူအာ၊ တာစတီဂျန်၊ ကီဗင်ထရပ်။
နောက်တန်း – ဘယ်လာကော့ချပ်၊ မတ်သီးယက် ဂျင်တာ၊ ခရစ္စတီယန် ဂန်တာ၊ သီလို ကယ်ရာ၊ လူးကပ် ကလော့စတာမန်း၊ ဒါဗစ်အွန်း၊ ရူဒီဂါ၊ ရှာလော့တာဘက်ခ်၊ နစ်ကလပ်ဆူး။
အလယ်တန်း – ဂျူလီယန်ဘရန့်၊ နစ်ကလပ် ဖူးလ်ခရက်၊ ဂိုရက်ဇ်ကာ၊ ဂေါ့ဇီ၊ ဂန်ဒိုဂမ်၊ ဟော့ဖ်မန်း၊ ကင်မစ်ချ်၊ မူဆီယာလာ။
ရှေ့တန်း – အဒီရယ်မီ၊ ဂနာဘရီ၊ ကိုင်ဟားဗတ်၊ မိုကိုကို၊ မူလာ၊ ဆာနေး။