ကမ္ဘာဖလားအတွက် အင်္ဂလန်အသင်း အကောင်းဆုံး ပွဲထွက် ၁၁ ဦး လူစာရင်းကို အလန်ရှီးယား ရွေးချယ်

ပရီးမီးယားလိဂ် အကျော်အမော် တိုက်စစ်သမားဟောင်း အလန်ရှီးယားက ကမ္ဘာဖလားအတွက် အကောင်းဆုံးဖြစ်မယ်လို့ သူမြင်တဲ့ အင်္ဂလန်အသင်း ပွဲထွက် လူစာရင်းကို ရွေးချယ်သွားခဲ့ပါတယ်။

မန်နေဂျာဆောက်ဂိတ်က သူ့ရဲ့ အပြီးသတ် လူစာရင်းကို မထုတ်ပြန်သေးပေမယ့် ကစားသမား အချို့ကတော့ ဒဏ်ရာတွေကြောင့် ပါဝင်နိုင်ဖွယ် မရှိတာဖြစ်တယ်။ ဒါကြောင့်ပဲ ဒီအခြေအနေမှာ ဘယ်သူတွေ ပါမလဲက မေးခွန်းဖြစ်နေဆဲလို့ ရှီးယားက ပြောပါတယ်။

အကောင်းဆုံး ပွဲထွက်လူစာရင်းအဖြစ်တော့ ‘ လူစာရင်း ရွေးချယ်မှုမှာ ပါခွင့်ရရင် ဆိုတဲ့ အခြေအနေတွေက အများကြီး ရှိတာပေါ့ဗျာ။ ဝေါ်ကာ ကြံ့ခိုင်နေမလားတို့ ရိစ်ဂျိမ်း ပါနိုင်မလားတို့လို ကြံ့ခိုင်မှုဆိုင်ရာ မေးခွန်းတွေက အများကြီး ရှိနေတာပေါ့။

ကျနော်ကတော့ ခံစစ်မှာ ထရစ်ပီယာကို ရွေးမှာပါ။ သူက သူ့နေရာမှာတော့ အင်္ဂလန်ရဲ့ အကောင်းဆုံး ခံစစ်သမားလို့ ထင်ပါတယ်။ ယူရိုမှာတုန်းက ဂါရတ် သူ့ကို ဘယ်အစွန်လူအဖြစ် ပွဲထုတ်ခဲ့တာ ကျနော် သိပါတယ်။ အင်္ဂလန်အသင်း လူစာရင်းမှာ သူပါဝင်ခွင့်ရမှာ သေချာပါတယ် ’ လို့ အလန်ရှီးယားက ပြောပါတယ်။

တိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်းကို ဆာကာ၊ ဖိုဒန်တို့က အနောက်ကနေ ပံ့ပိုးစေမယ့် တွဲဘက်မှုကို ပရီးမီးယားလိဂ် ဂန္တဝင်ကြီးက သဘောကျနေတယ်။ ကွင်းလယ်မှာတော့ ဘယ်လင်ဟမ်၊ မေဆန်မောင့်နဲ့ ဒီကလန်ရိုက် အတွဲကို သူက ရွေးချယ်ပါတယ်။

ခံစစ် ၄ ယောက်တန်းကို ရွေးထုတ်ရာမှာတော့ ယူနိုက်တက်က မက်ဂွဲရားကို ဖယ်ထုတ်သွားခဲ့တယ်။ ဗဟိုခံစစ်မှာ ဂျွန်စတုန်းနဲ့ ဒိုင်ယာ ဒါမှမဟုတ် လုရှောတို့ကို တွဲဘက်ပေးကာ ကြံ့ခိုင်မှု ကောင်းမယ်ဆိုရင် ဝေါ်ကာကို ညာခြမ်းနဲ့ ထရစ်ပီယာကို ဘယ်ခြမ်းတွေမှာ ထုတ်သုံးဖို့ အလန်ရှီးယားက ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။

ရှီးယားက ဂိုးသမားနေရာအတွက် မပြောခဲ့ဘဲ လက်ရှိ အင်္ဂလန်မှာ အဲဗာတန်က ပစ့်ဖိုဒ့်၊ နယူးကာဆယ်က နစ်ပုပ်နဲ့ အာဆင်နယ်မှ ရမ်ဒယ်တို့ ရှိနေမှာ ဖြစ်ပါတယ်။