လီဗာပူး v ရီးရဲလ်၊ ပီအက်စ်ဂျီ v ဘိုင်ယန်မြူးနစ်တို့ ထိပ်တိုက်တွေ့မှုတွေနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုရလဒ်

ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် မဲခွဲမှုတွေ ပြီးစီးခဲ့ပြီဖြစ်ကာ ရှုံးထွက်မှာတော့ အတွဲကောင်းတွေ အများအပြား ပါဝင်လာခဲ့ပါတယ်။

RB Leipzig v Manchester City

ဘွန်ဒက်လီဂါမှာ ခြေစွမ် မတည်ငြိမ်တဲ့ လိုက်ဇစ်နဲ့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး စွမ်းဆောင်ပြနေတဲ့ မန်စီးတီးတို့ ထိပ်တိုက်တွေ့ကြတာ ဖြစ်ပါတယ်။ အင်္ဂလန်ကလပ်တော့ ကွာတားဖိုင်နယ် အဆင့်ထံ တက်ရောက်သွားဖို့ ရေပန်းစားနေပါတယ်။

Club Brugge v Benfica

ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျ်ဟာ ချန်ပီယံလိဂ်မှာ ခြေစွာပေမယ့် ဘယ်ဂျီယံလိဂ်မှာ အဆင့် ၄ နေရာမှာပဲ ရှိနေပါတယ်။ ဘင်ဖီကာကတော့ ပေါ်တူဂီလိဂ်ကို ဦးဆောင်နေပြီး ဒုတိယနေရာက ပေါ်တိုကို ၈ မှတ်ထိ ဖြတ်ထားနိုင်တာပါ။

Liverpool vs Real Madrid

မနှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် နှစ်သင်းဟာ ၁၆ သင်း အဆင့်မှာတင် တစ်သင်းက လှည့်ပြန်ရတော့မှာပါ။ လီဗာပူးတို့ ဒီရာသီ ခြေစွမ်း မတည်ငြိမ်ဘဲ ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာထိ ကျဆင်းနေပေမယ့် ရီးရဲလ်မက်ဒရစ်ကတော့ အကောင်းဆုံး ပုံစံတွေမှာ ရှိနေဆဲပါပဲ။

AC Milan v Tottenham

မနှစ်က စီးရီးအေ ချန်ပီယံတွေဟာ ဒီရာသီ လိဂ်ထိပ်ဆုံးနေရာအတွက် နာပိုလီကို လက်လွတ်ထားရပါတယ်။ စပါးကလည်း အရမ်းကြီး ခြေစွမ်းထက်နေတာ မဟုတ်တာကြောင့် ဘက်ညီတဲ့ အတွဲကျမှု ဖြစ်လာပါတယ်။

Frankfurt v Napoli

ခြေစွမ်း အကောင်းကြီး မဟုတ်ပေမယ့် ဖရန့်ဖတ်က လျော့တွက်လို့ရတဲ့ အသင်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စီးရီးအေကို ဦးဆောင်ထားပြီး ဒီရာသီ ဥရောပရဲ့ အတောက်ပဆုံး ခြေစွမ်းပိုင်ရှင်တွေကို အနိုင်ယူ ကျော်ဖြတ်နိုင်ဖို့က ခက်ခဲပါတယ်။

Dortmund v Chelsea

ဒေါ့မွန်က ဘွန်ဒက်လီဂါမှာ ပေးဂိုး သိပ်များနေတာကြောင့် ဘိုင်ယန်နဲ့ အလှမ်းကွာလာခဲ့တာပါ။ ချယ်ဆီးကလည်း နည်းပြပေါ်တာ လက်အောက် အသားကျရေး ကြိုးစားနေရဆဲပါပဲ။ ကြည့်ကောင်းမယ့် ပွဲစဉ်ဖြစ်လာပါလိမ့်မယ်။

Inter Milan v Porto

အင်တာမီလန်က စီးရီးအေမှာ ရုန်းကန်နေရပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာအတွက် အားထုတ်ရမှာပါ။ ပေါ်တိုကလည်း ခြေစွမ် အကောင်းကြီးတော့ မဟုတ်ပါဘူး။

PSG v Bayern

ဒီပွဲက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံသင့်တာပါ။ ဒါပေမယ့် ၁၆ သင်းမှာတင် တစ်သင်းက ထွက်ခွာရပါလိမ့်မယ်။ ဒီရာသီ ခြေစွမ်းအကောင်းဆုံး ဥရောပ နှစ်သင်း ထိပ်တိုက်တွေ့မှုက စိတ်ဝင်စားစရာပါပဲ။