ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှု ကျင်းပမယ့် အချိန်၊ ပါဝင်မယ့် ကလပ်အသင်းတွေနဲ့ နောက်အဆင့်အတွက် သိကောင်းစရာများ

ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေ အားလုံး ယှဉ်ပြိုင်ပြီးခဲ့ပြီဖြစ်ကာ အင်္ဂလန်ကလပ် ၄ သင်းလုံး ရှုံးထွက်ကို တက်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

နောက်အဆင့်တွေအတွက် မဲခွဲမှု ပြုလုပ်မှာဖြစ်ပြီး အုပ်စု ဒုတိယနေရာပဲ ရခဲ့တဲ့ လီဗာပူးအသင်းဟာ ဘိုင်ယန်၊ ရီးရဲလ် တစ်သင်းသင်းနဲ့ ထိပ်တိုက်တွေ့နိုင်သလို ပီအက်စ်ဂျီအသင်းကတော့ အင်္ဂလန်ကလပ် တစ်သင်းနဲ့ တွေ့ဆုံဖို့ အခွင့်အရေး များနေပါတယ်။

မဲခွဲပွဲ ကျင်းပမယ့် အချိန်

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲပွဲကိုတော့ တနင်္လာနေ့ဖြစ်တဲ့ မနက်ဖြန် ညနေခင်း မြန်မာစံတော်ချိန် ၅ နာရီခွဲ ယူအီးအက်ဖ်အေ ရုံးချုပ်မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် အပြီးမှာပဲ ယူရိုပါလိဂ် မဲခွဲခြင်းကို ဆက်တိုက် လုပ်ဆောင်ပါမယ်။

မဲခွဲမှုကိုတော့ ယူအီးအက်ဖ်အေရဲ့ တရားဝင် ဝဘ်ဆိုဒ်ကနေ ကြည့်ခွင့်ရပါလိမ့်မယ်။

ဘယ်လို မဲခွဲတာလဲ?

အုပ်စုအဆင့်မှာ အုပ်စုဗိုလ်တွေအဖြစ်က တက်လာတဲ့ ၈ သင်းဟာ ဦးစားပေး အသင်းတွေဖြစ်ပြီး ဒုတိယနေရာက တက်လာတဲ့ ၈ သင်းဖြင့် ထိပ်တိုက်တွေ့စေမှာပါ။ ဒီအဆင့်မှာတော့ အုပ်စုတွင်း ပြိုင်ဘက်တွေကို အတွဲကျစေမှာ မဟုတ်သလို ဘောလုံးအဖွဲ့ချုပ် တစ်ခုတည်းက ကလပ်တွေကို ထိပ်တိုက်တွေ့ခွင့် ပေးမှာ မဟုတ်ပါဘူး။

ဦးစားပေး အသင်းတွေက အဝေးကွင်းမှာ အရင်ဆုံး သွားရောက် ယှဉ်ပြိုင်ရပြီး ဒုတိယအကျော့ကို အိမ်ကွင်းတွေမှာ ယှဉ်ပြိုင်ရပါလိမ့်မယ်။ ဒီအဆင့်မှာ အဝေးဂိုး စည်းမျဉ်း မရှိဘဲ မိနစ် ၉၀ နှစ်ကျော့ အဆုံးအဖြတ် မပေါ်ရင် ပင်နယ်တီ ကန်ရမှာ ဖြစ်ပါတယ်။

ဘယ်အသင်းတွေ တက်ရောက်လာမလဲ?

Seeded အသင်းများ

မန်စီးတီး၊ ချယ်ဆီး၊ စပါး၊ ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ပေါ်တို၊ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ။

Unseeded အသင်းများ

လီဗာပူး၊ ပီအက်စ်ဂျီ၊ အင်တာမီလန်၊ ဒေါ့မွန်၊ ကလပ်ဘရုစ်ဂျ်၊ ဖရန့်ဖတ်၊ လိုက်ဇစ်၊ အေစီမီလန်။

ဘယ်အချိန်မှာ ၁၆ သင်းအဆင့် ပွဲတွေကို ယှဉ်ပြိုင်မှာလဲ?

၂၀၂၃ ခုနှစ် ဒုတိယရာသီဝက်မှာ ရှုံးထွက်အဆင့်တွေကို စတင် ယှဉ်ပြိုင်ပါမယ်။ ပထမအကျော့ကို ဖေဖော်ဝါရီလတွေမှာ ယှဉ်ပြိုင်ပြီး ဒုတိယအကျော့က မတ်လအတွင်း ဖြစ်လာပါလိမ့်မယ်။

ကွာတား၊ ဆီးမီး အဆင့် မဲခွဲမှုတွေကို မတ်လ ၁၇ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ကာ တစ်နိုင်ငံတည်း ကလပ်တွေ အတွဲကျခွင့် ရသွားပြီ ဖြစ်ပါတယ်။

ဧပရယ်လနဲ့ မေလမှာ ကွာတားနဲ့ ဆီမီးအဆင့် ပွဲတွေကို ယှဉ်ပြိုင်ကာ ဗိုလ်လုပွဲကိုတော့ ဇွန်လ ၁၀ ရက်နေ့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မှာ ယှဉ်ပြိုင်မှာပဲ ဖြစ်ပါတယ်။