မထင်မှတ်ဘဲ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ပါလာနိုင်သူ ၆ ဦး

ဂါရတ်ဆောက်ဂိတ်ဟာ နိုဝင်ဘာ ၁၀ မှာ ကာတာကမ္ဘာ့ဖလားအတွက် အင်္ဂလန်လူစာရင်းကို ကြေညာမှာဖြစ်တာနဲ့အတူ ဘယ်သူတွေ ရွေးချယ်ခံရမလဲ စိတ်ဝင်စားစရာ ကောင်းလာနေပါပြီ။

ပရီးမီးယားလိဂ်ရာသီမှာ အင်္ဂလန်ကစားသမား အတော်များများက ခြေတက်လိုက်ကျလိုက် ဖြစ်နေတာကြောင့် ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်တွေကို ပိုပြီး ခက်ခဲစေပါတယ်။ ရေပန်းမစားပေမယ့် ကမ္ဘာ့ဖလားမျှော်လင့်ချက်တွေ ရှိနေဆဲ ကစားသမား ၆ ယောက်အကြောင်းကို ဖော်ပြသွားပါမယ်။

ဂျိမ်းစ်မတ်ဒီဆန်

မတ်ဒီဆန်ဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်ပွဲတွေမှာ လျစ်လျူရှုခံရပေမယ့် ဒီတလော လက်စတာအတွက် တောက်ပနေပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၆ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးပေးထားပြီး လက်စတာအတွက် ဂိုးပေါက်ကန်သွင်းမှု၊ အခွင့်အရေး ဖန်တီးမှု အဓိက ပြုလုပ်ပေးနေသူပါ။

ဂျေဒန် ဆန်ချို

ဆန်ချိုဟာ အင်္ဂလန်အသင်း လူစာရင်းမှာ သေချာပေါက် ပါရမှာပဲလို့ ယုံကြည်ခံရသူ အဖြစ်ကနေ အားနည်းလာခဲ့သူပါ။ ရာသီအစက ခြေစွမ်း အသင့်အတင့် ကောင်းမွန်ခဲ့သေးပေမယ့် နောက်ပိုင်း စွမ်းဆောင်ရည် ကျဆင်းလာခြင်းနဲ့အတူ စက်တင်ဘာလ နိုင်ငံတကာပွဲတွေမှာ မျက်ကွယ်ပြုခံခဲ့ရတဲ့ ဆန်ချိုဟာ အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံရမလား စောင့်ကြည့်ရဦးမှာပါ။

ဂျိမ်းစ်ဝပ်ပရောက်စ်

ဝပ်ပရောက်စ်ဟာ ဆောက်ဂိတ်အကြိုက် ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး တည်ကန်ဘောတွေ သိပ်ကောင်းပါတယ်။ ၂၀၁၈ တုန်းက အင်္ဂလန်ဟာ တည်ကန်ဘော အထူးပြင်ဆင်ခြင်းနဲ့ အဆင့်ကောင်းထိ တက်နိုင်ခဲ့ပါတယ်။ မန်စီးတီးရဲ့ ကယ်ဗင်ဖီးလစ် မပါနိုင်ရင် ဝပ်ပရောက်စ်ကို အခွင့်အရေး ပေးမလား စောင့်ကြည့်ရပါမယ်။

ကော်လမ် ဝဲလ်ဆန်

ဒီရာသီ တောက်ပနေတဲ့ နယူးကာဆယ်ရဲ့ အဓိက တိုက်စစ်သမားရဲ့ ပြဿနာက နောက်ဆုံး ၃ ရာသီအတွင်း ဒဏ်ရာ အနှောင့်အယှက်တွေ ရှိခဲ့တာဖြစ်ပြီး သူဟာ ခြေသလုံးကြွက်သား၊ တံကောက်ကြော၊ ဒူးအရွတ်ဒဏ်ရာတွေ ရခဲ့ပါတယ်။ လောလောဆယ် ကြံ့ခိုင်မှု ကောင်းနေတဲ့ သူကလည်း အင်္ဂလန်အသင်းအတွက် ရွေးချယ်ခံရသင့်သူဆိုတဲ့ ထောက်ခံမှုတွေ ရထားပါတယ်။

ကယ်ဗင်ဖီးလစ်

လိဒ်စ်ကနေ ရောက်လာပြီးနောက်ပိုင်း မန်စီးတီးမှာ ကယ်ဗင်ဖီးလစ်ဟာ ၁၃မိနစ်သာ ကစားခဲ့ရပါတယ်။ ပုခုံးဒဏ်ရာကို ခွဲစိတ်မှုခံယူပြီးနောက် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ ကြံ့ခိုင်မှု ပြည့်ဝနေမယ်ဆိုတဲ့ အကောင်းမြင်စိတ် ရှိနေတုန်းပါ။ ဒီအပတ် စီးတီးရဲ့ ပွဲစဉ်တွေမှာ ပါဝင်လာမယ်လို့ အသံထွက်နေပါတယ်။

တန်မီ အေဘရာဟမ်

အင်္ဂလန်ရဲ့ အဝေးမှာ ကြိုးစားနေတဲ့ အေဘရာဟမ်ဟာ မနှစ်က ခြေစွမ်းတွေ အရဆိုရင် ကမ္ဘာ့ဖလားလူစာရင်းမှာ တစ်နေရာတော့ ရစေမှာပါ။ ဒါပေမယ့် ဒီရာသီမှာတော့ ရိုးမားရဲ့ ကစားပုံအသစ်မှာ အသားကျဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒီကမ္ဘာ့ဖလားမှာ ပါဝင်ဖို့ အေဘရာဟမ်အတွက်တော့ အခွင့်အရေး နည်းလွန်းနေပြီလို့ ပြောလို့ရလောက်ပါတယ်။