ဆွန် အပါအဝင် ကစားသမားတွေ ကွင်းထဲကနေ ဝမ်းနည်းဖွယ် ထွက်ခွာနေရတာ ဘယ်သူ့ကြောင့်လဲ ကာရေဂါ ဖော်ထုတ် ဝေဖန်

လီဗာပူး ကစားသမားဟောင်းကြီး ဂျင်မီ ကာရေဂါ က ကလပ်တွေရဲ့ ဘောလုံးရာသီဝက် အချိန်မှာ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကို လုပ်လိုက်တာက စိတ်ပျက်ဖွယ်အတိ၊ ဘောလုံးရာသီကို ဖျက်ဆီးတာ သက်သက်ပဲ လို့ CBS Sports မှာ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

မနေ့ညက မာဆေးနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ စပါးတိုက်စစ်မှုး ဆွန်ယောင်မင် တစ်ယောက် ဒဏ်ရာ ရပြီး ကွင်းထဲက ထွက်ခွာသွားရချိန်မှာ ကာရေဂါက ထိုသို့ ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆွန်က မာဆေး ခံစစ်မှုးနဲ့ ခေါင်းချင်းယှဉ်တိုက်ရာမှာ ပြင်းထန်စွာ ထိခိုက်သွားဟန် ရှိပါတယ်။ ဒါက တောင်ကိုရီးယား လက်ရွေးစင် ကစားသမား အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်နိုင်ပါ့မလားထိ စိုးရိမ်ဖွယ် ဖြစ်လာတာပါ။ ဆွန် ထွက်ခဲ့ရပေမယ့် စပါးတို့ မာဆေးကို အနိုင်ရကာ ချန်ပီယံလိဂ်မှာတော့ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

ဒီတလော သီတင်းပတ်တွေတွင်း ကစားသမားတွေ ဒဏ်ရာရပြီး ကွင်းထဲက ထွက်ခွာရကာ သူတို့ရဲ့ နိုင်ငံအသင်းနဲ့ ကမ္ဘာ့ဖလား ပါဝင် ကစားခွင့် အိမ်မက်တွေ ကျိုးပျက်ကုန်တာ တွေ့နေရပါတယ်။ ကာရေဂါကတော့ ကစားသမားတွေ ပွဲဆက် ကစားရပြီး အခုလို ဒဏ်ရာတွေ ရနေတာက ဖီဖာနဲ့ ကမ္ဘာ့ဖလား စီစဉ်သူတွေကြောင့် လို့ အပြစ်တင်လိုက်ပါတယ်။

” ဒီကမ္ဘာ့ဖလားပြိုင်ပွဲ က လုံးဝ အဓိပ္ပါယ် မရှိ၊ စိတ်ပျက်စရာကြီးပဲ၊ အကြောင်းအချက်တွေက အများကြီးကို ရှိနေတယ်။ ကာတာ က ကမ္ဘာ့ဖလား ကျင်းပခွင့် ရတယ် ဆိုတည်းက အကျင့်ပျက်ခြစားမှုတွေကို မီးမောင်းထိုးပြလိုက်တာပဲ။ အဲဒီတည်းက ဒါကို ကျနော်တို့ သိတယ်။

ပြိုင်ပွဲကို နွေရာသီမှာ ကျင်းပဖို့လည်း လုပ်ကြပြန်တယ်။ အဲဒီနိုင်ငံမှာ အဲဒီအပူချိန်နဲ့ ကစားသမားတွေက ကစားနိုင်မလား ဗျာ။ အဲဒီတော့ အချိန်ရွှေ့လိုက်တာ ဘောလုံးရာသီ အလယ်ကြီးရောက်သွားရာ။

ဒီ ကစားသမားတွေ ဆိုတာက တဘဝလုံးမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ပါဝင် ကစားရဖို့ စိတ်ကူး အိပ်မက်လာကြသူတွေပါ။ အခုကျ ဒဏ်ရာတွေ ရပြီး ထွက်ကုန်ရပြီ။ ကျနေ်ာတို့ ဆွန် အပြင် တကမ္ဘာလုံးက ကစားသမားတွေ ဒီလို ဖြစ် ဖြစ်နေတာ မြင်နေရတာပဲ။

ဗာရိန်း စတန်းဖို့ဘရစ်ချ်မှာ ကွင်းထဲကနေ ငိုပြီး ထွက်သွားရတယ်။ ဒါက ကမ္ဘာ့ဖလားနဲ့ ဘယ်လောက် နီးနေပြီ ဆိုတဲ့ သက်သေပဲ။ နှစ်ပတ် ဒါမှမဟုတ် ၁ဝ ရက်ပဲ နားရမယ့် ဒဏ်ရာ ရကြည့်၊ အဲဒီ ကစားသမား ကမ္ဘာ့ဖလား ပြိုင်ပွဲက ထွက်ရပြီ။ ဒါက ဖြစ်ကို မဖြစ်လာသင့်တာ။

ဒါတွေ အကုန်လုံး အစပြုခဲ့တာက ဖီဖာဟာ ကာတာကို ကမ္ဘာ့ဖလား အိမ်ရှင် လုပ်ခွင့်ပေးလိုက်တာနဲ့ ပွဲကို ရွှေ့လိုက်တာကြောင့်ပဲ။ ဒါက တကယ်ကြီးကို စိတ်ပျက်စရာပါ။ ” လို့ ကာရေဂါက ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။

စပါး လက်ထောက်နည်းပြ စတယ်လီနီက ဆွန်ရဲ့ ဒဏ်ရာ အခြေအနေကို အတိအကျ မပြောနိုင်သေးဘဲ ဆေးစစ်ပြီးမှ အခြေအနေ သိရမှာ ဖြစ်ကြောင်း ပွဲ အပြီးမှာ အသိပေးခဲ့ပါတယ်။ ဆွန်က မျက်နှာကို ထိခဲ့ပြီး မျက်လုံးကလည်း ယောင်နေခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။