မန်စီးတီး မနိုင်ဘူး၊ အာဆင်နယ် ဂိုးပြတ်မယ် ဆိုတဲ့ ဒီအပတ် ပွဲတွေအတွက် ပေါမာဆန် ခန့်မှန်းများ ထွက်ပါပြီ

ဒီအပတ်မှာတော့ အသင်းကြီးချင်း ထိပ်တိုက်တွေ့တဲ့ ပွဲစဉ်တွေ မပါပေမယ့် ကြည့်ကောင်းမယ့် ပွဲကောင်းတွေ ပါဝင်လာခဲ့ပါတယ်။

Leicester City vs Manchester City

မန်စီးတီးအတွက် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ လက်စတာတို့ အဆင့် ဘယ်လောက်မှာ ရှိနေတယ်ဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် လက်စတာလို အသင်းက ခန့်မှန်းရ ခက်ခဲပါတယ်။ သူတို့က ဝုဗ်ကို ကောင်းကောင်းကစားကာ အနိုင်ယူပြီး ဘုန်းမောက်ကို ရှုံးခဲ့ပြန်တယ်။ မန်စီးတီးပွဲမှာ ဘယ်လို လက်စတာ အသင်းကို မြင်ရမယ်ဆိုတာ မသိနိုင်သေးပါဘူး။

မန်စီးတီး ဘယ်လောက်ကောင်းတယ်ဆိုတာ ကျနော်တို့ အားလုံးသိတယ်။ ဒါပေမယ့် ဒီနှစ်တွေမှာ ဂွာဒီယိုလာရဲ့ အသင်းကို ရင်ဆိုင်တိုင်း လက်စတာက သိပ်ကောင်းပါတယ်။ မန်စီးတီးက အသင်းကောင်းဆိုပေမယ့် အခွင့်အရေးတွေ ပေးနေရဆဲပါပဲ။

အရင်အပတ်က ဘရိုက်တန်ကို မန်စီးတီးတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရနေချိန် နောက်တစ်ဂိုးသွင်းမှာ ဘယ်အသင်းလဲလို့ မေးရင် ကျနော်တော့ ဘရိုက်တန်လို့ ဖြေမိမှာပါ။ မန်စီးတီးကို နာကျင်အောင် လုပ်လို့ရနိုင်ပြီး မှန်ကန်တဲ့ ပေးချက်တော့ လိုတာပေါ့။

လက်စတာက ခံစစ်မှာ သိပ်မကောင်းပေမယ့် ပက်ရဲ့ အသင်းကို နာကျင်စေမယ့် ကစားဟန် ရှိထားတယ်။ သူတို့က စွမ်းဆောင်ရည်တော့ မတည်ငြိမ်ပါဘူး။ ဒီပွဲမှာ သွင်းဂိုးတွေ မြင်ရမယ်လို့ ထင်မိတယ်။ လက်စတာ ကစားပုံ မကောင်းရင် မန်စီးတီးက အနိုင်ယူသွားမှာ ဆိုပေမယ့် ဒီပွဲမှာ လက်စတာတို့ အကောင်းဆုံး လုပ်နိုင်မယ် ထင်မိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Leicester City 2-2 Manchester City

Bournemouth vs Tottenham Hotspur

စပါးက သီတင်းပတ်ကောင်းကို မရထားပါဘူး။ နယူးကာဆယ်၊ ယူနိုက်တက်တို့ရဲ့ အနိုင်ယူခြင်းကို ခံရပြီး စပို့တင်းပွဲမှာ ရလဒ်ကောင်း ပြန်မယူထားနိုင်ပါဘူး။ ကွန်တီက ၃ ယောက်တန်း ခံစစ်ကို သုံးနေပြီး သူတို့မှာ အကောင်းဆုံး တိုက်စစ်အတွဲဖြစ်တဲ့ ကိန်းနဲ့ ဆွန်တို့ ရှိနေပါတယ်။

ကိန်း ဟက်ထရစ်ရရင် အံ့သြမှာ မဟုတ်ပေမယ့် ခံစစ်သမား ၃ ယောက်၊ ကွင်းလယ်လူ ၃ ယောက်တို့ဖြင့် ကစားနေရာမှာ သူတို့ ပေးမှုကောင်းတွေ လုပ်ပေးနိုင်သူ လိုအပ်နေတယ်။ တောင်ပံ-အစွန်သမားတွေကလည်း အဆုံးသတ်ပိုင်းထဲ လုံလောက်အောင် မပေးနိုင်တာတော့ ရှိပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Bournemouth 0-2 Tottenham Hotspur

Brighton vs Chelsea

ချန်ပီယံလိဂ်မှာ ချယ်ဆီးအသင်း ရလဒ်ကောင်းရခဲ့ပြီး သူတို့ ဒီတလော ကစားတာတွေ ကောင်းနေပါတယ်။

အရင်အပတ်က မန်စီးတီးကို ရင်ဆိုင်ရာမှာ ဘရိုက်တန်က ကစားပုံကောင်းခဲ့တယ်။ သူတို့ ဒုတိယဂိုး ရမယ်လို့တောင် ထင်ခဲ့ပါတယ်။ အဲမတိုင်ခင် ဘရိုက်တန်တို့ ဖောရက်စ်ကို ရင်ဆိုင်ပြီး ဝ-၀ ပဲ ကစားနိုင်တာမို့ ရလဒ်ပိုင်းတော့ မတည်ငြိမ်ပါဘူး။

ဒီပွဲမှာ ဂရေဟမ် ပေါ်တာက အပြောင်းအလဲ ဘယ်လောက် လုပ်သွားမလဲ ခန့်မှန်းရ ခက်ခဲပါတယ်။ ဒီပွဲရလဒ်က သူတို့ ထုတ်လာတဲ့ လူစာရင်းအပေါ် မူတည်ပါလိမ့်မယ်။ ဒီအခြေအနေမှာ ချယ်ဆီးက ပိုပြီး ကျစ်လစ်လာနေတာကြောင့် ဒီပွဲကို အနိုင်ရသင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Brighton 1-2 Chelsea

Liverpool vs Leeds United

လီဗာပူးအသင်းဟာ မန်စီးတီးပွဲတုန်းက စွမ်းဆောင်ရည် ကောင်းပေမယ့် ဖောရက်စ်ပွဲမှာတော့ အံ့သြစရာ ရလဒ် ထွက်ပေါ်ခဲ့တယ်။ အေဂျက်လို အသင်းကောင်းကို အနိုင်ယူခဲ့ပြန်တယ်။ ဒီနှစ်တွေအတွင်း ကလော့ပ် လက်အောက်မှာ လီဗာပူးက အတော်လေး စွမ်းဆောင်ရည် တည်ငြိမ်ပေမယ့် ဒီရာသီမှာတော့ အတက်အကျ မြန်လွန်းပါတယ်။

ဖာဘင်ညိုက ပွဲတွေ အများကြီး ကစားထားတယ်၊ သူ့ကို သဘောကျပါတယ်။ ဒါပေမယ့် အခုက ဘာပြဿနာ ရှိနေတာလဲ မသိပါဘူး။ လီဗာပူးတို့ အောင်မြင်ရင် ဖာဘင်ညို အကောင်းဆုံး ခြေစွမ်း ပြန်ရနေဖို့ လိုပါတယ်။ ဒီနှစ်တွေထဲမှာ လီဗာပူး ကွင်းလယ် ၃ ယောက်တန်းက အားလုံးကို လုပ်ထားနိုင်ပေမယ့် အထိုင်ကွင်းလယ်လူ မရှိဘဲ သူတို့ ရုန်းကန်နေရပါတယ်။

ဒါဝင်က ရာသီကောင်းဖြစ်ဖို့ အခက်တွေ့ထားပေမယ့် သူ အောင်မြင်မယ်လို့ ထင်ပါတယ်။ မန်စီးတီးပွဲမှာလို သူနဲ့ ဆာလာကြား ချိတ်ဆက် ကစားမှုပိုင်းကိုတော့ စိတ်ပူမိပါတယ်။ လီဗာပူးလို အသင်းမှာ ကစားမယ်ဆိုရင် ပေးရမယ့် ပေးချက်တွေကို ပေးကိုပေးရပါမယ်။

သူ့ကို သဘောကျတာကတော့ အခွင့်အရေးတွေ လွဲရင်တောင် သူက ဂိုးတွေရနေတာပဲ ဖြစ်ပါတယ်။ အချိန်တစ်ခု ယူရပေမယ့် သူက လီဗာပူးအတွက် ပိုကောင်းလာပါတယ်။

လိဒ်ကတော့ ရုန်းကန်နေရတယ်။ သူတို့ မန်နေဂျာကို သဘောကျပြီး ဂျက်ဆီမက်က ကြိုးစားပေမယ့် လိဒ်တို့ အကောင်းဆုံး ရှိမနေပါဘူး။ ဒီပွဲကို လီဗာပူးတို့ သက်သောင့်သက်သာ အနိုင်ရမယ် ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Liverpool 3-0 Leeds United

Arsenal vs Nottingham Forest

အာဆင်နယ်မှာ အာတီတာက ထူးချွန်နေပါတယ်။ သူက ကျစ်လစ်တဲ့ ခံစစ် ၄ ယောက်တန်းအဖြစ် ဘမ်ဝှိုက်၊ တိုမီယာဆုတို့ကို ဗဟိုခံစစ်မှူး ၂ ဦးတွဲပြီး သုံးထားနိုင်တယ်။ ပါတေးက သူတို့ရှေ့ကနေ ကစားနေပါတယ်။

ရှာခါကလည်း အာဆင်နယ်မှာ သိပ်ကောင်းကောင်း ကစားနေပါတယ်။ ဆွစ်ဇလန်မှာ သူကစားပေးသလို အာဆင်နယ်အတွက် ဘာလို့များ မကစားပေးနိုင်သလဲ ဆိုပြီး အံ့သြနေခဲ့တာပါ။ အခုကတော့ သူက ပြောင်းလဲလာပြီး ထိုက်တန်တဲ့ အသိအမှတ် ပြုမှုတွေ ရရှိနေပါတယ်။ အာတီတာအတွက် ကစားပေးနေတဲ့ သူက ပွဲထွက်စာရင်းမှာ ပထမဆုံး ချရေးခံရမယ့် နာမည်ဖြစ်ပါတယ်။

ဆောက်သမ်တန်ကို ရင်ဆိုင်တဲ့ပွဲမှာ ရလဒ်မကောင်းခဲ့တာကို သိပါတယ်။ ဒါပေမယ့် မရှုံးခဲ့ဘူးလေ ဒါကပဲ အရေးကြီးပါတယ်။ မနှစ်ကဆိုရင် အဲ့လိုပွဲကို သူတို့ အရေးနိမ့်ခဲ့တယ်။ ကမ္ဘာဖလားကြောင့် လိဂ်ကို ရပ်နားထားချိန် အာဆင်နယ်တို့ လိဂ်ကို ဦးဆောင်နိုင်မယ်ဆိုရင် သိပ်ကောင်းပါလိမ့်မယ်။

ဖောရက်စ်က ခံစစ်ကစားမှာပါ။ သူတို့ ကစားသမား ၁၀ ယောက်လောက်နဲ့ ပိတ်ဆို့ပါလိမ့်မယ်။ ဒါပေမယ့် သူတို့အတွက် အာဆင်နယ်က ကောင်းလွန်းနေပါတယ်။ ခပ်စောစော သွင်းဂိုးရထားရင် ဂိုးပြတ်သွားပါလိမ့်မယ်။ ဒီပွဲကို အာဆင်နယ်တို့ အနိုင်ရသင့်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Arsenal 3-0 Nottingham Forest

Manchester United vs West Ham

ယူနိုက်တက်က ကစားပုံကောင်းနေပြီး သူတို့နည်းပြ ကိုင်တွယ်နေပုံကို သဘောကျပါတယ်။ ချယ်ဆီးကို ရင်ဆိုင်တုန်းက ပထမပိုင်းမှာ သိပ်ကောင်းခဲ့တယ်။ စပါးကို ရင်ဆိုင်ရာမှာလည်း ကစားပုံ ကောင်းပါတယ်။ ယူနိုက်တက်အတွက် သီတင်းပတ်ကြီး ဖြစ်ခဲ့ပြီး သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်။

ရော်နယ်ဒိုနဲ့ ပတ်သက်လို့ တန်ဟက် တစ်ခုခု လုပ်ရမှာဖြစ်တယ်။ ရော်နယ်ဒိုက ယူနိုက်တက် ဂန္တဝင်ပါ၊ သူလုပ်ခဲ့တဲ့ ကိစ္စမျိုး မလုပ်သင့်ပါဘူး။ ဒီအကြောင်း ပြောရမှာ အရှည်ကြီးပါပဲ။ ရော်နယ်ဒို အနေနဲ့ သူဘာလုပ်ခဲ့လဲ သိသင့်ပါတယ်။

ဝက်ဟမ်းက ရယ်စရာအသင်းပါပဲ။ သူတို့က အနိုင်ယူဖို့ ခက်ခဲတယ် ဒါပေမယ့် ဒီရာသီမှာ အကောင်းဆုံး မလုပ်ထားနိုင်ပါဘူး။ လီဗာပူးပွဲတုန်းကလို ကစားမယ်ဆိုရင် ယူနိုက်တက်ကို နာကျင်စေမှာပါ။

လက်တလော ခြေစွမ်းတွေအရ ယူနိုက်တက်က ကစားပုံကောင်းတယ်၊ အင်အားကောင်းတယ်။ သူတို့ပဲ ဒီပွဲကို နိုင်မယ်လို့ ထင်ပါတယ်။

ပေါမာဆန် ခန့်မှန်းရလဒ်။ ။ Manchester United 2-1 West Ham United

အခြားပွဲစဉ်များအတွက် ပေါမာဆန် ခန့်မှန်းရလဒ်

  • Newcastle United 3-1 Aston Villa
  • Crystal Palace 2-0 Southampton
  • Brentford 2-0 Wolves
  • Fulham 1-1 Everton