ချယ်ဆီးနဲ့ ယူနိက်တက်တို့အား ဝေဖန်ရေးဆရာတွေ ဖေးမနေတဲ့ အပေါ် စပါးနည်းပြ ကွန်တီ လှောင်ရယ်

ပရီးမီးယားလိဂ် ဝေဖန်ရေးဆရာတွေက စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက်တွေဖြစ်တဲ့ ယူနိုက်တက်၊ ချယ်ဆီးတို့ကို အသွင်းကူးပြောင်းဆဲ၊ ပြန်လည် တည်ဆောက်ဆဲ အသင်းတွေအဖြစ် ကာကွယ်ပေးနေမှုကို ကွန်တီက လှောင်ရယ်ခဲ့ပါတယ်။

စပါးအသင်းက ထိပ်ဆုံး ၄ သင်း နေရာကို စိန်ခေါ်နိုင်ရမယ့် အသင်းအဖြစ် ဝေဖန်ရေးသမားတွေ စောင့်ကြည့် အကဲဖြတ်နေပေမယ့် နည်းပြ အပြောင်းအလဲ လုပ်ထားကြတဲ့ ယူနိုက်တက်၊ ချယ်ဆီးတို့ကတော့ အသွင်ကူးပြောင်းနေဆဲ အသင်းတွေ ဆိုကာ အဆင့် ၄ ပြင်ပမှာပဲ ရှိနေရင်တောင် ဖိအားမရှိဘူးလို့ ကွန်တီက ယူဆပါတယ်။

အချို့သော သုံးသပ်သူတွေရဲ့ အကဲဖြတ်မှုဟာ မနှစ်ကရာသီ ကွန်းဖရန့်လိဂ်ကနေ ထိပ်ဆုံး တစ်နေရာကို ဝင်ရောက်ဖို့ ကြိုးစားနေဆဲ စပါးအတွက် မမျှတဘူးလို့ ကွန်တီက မြင်နေပါတယ်။

ကွန်တီက “ ချယ်ဆီးဆိုတာ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ချန်ပီယံလိဂ်ဖလား အနိုင်ရထားတာပါ၊ မနှစ်ကမှ ကလပ်များ ကမ္ဘာဖလားကို အနိုင်ရထားတဲ့ အသင်းပါဗျာ။ ယူနိုက်တက်ဆိုရင်လည်း အရင် နှစ်နှစ်ကပဲ ပရီးမီးယားလိဂ်မှာ အဆင့် ၂ နေရာက ရာသီသိမ်းထားတာပါ။

ဒီလို ကလပ်တွေက နွေအပြောင်းအရွှေ့မှာ အသုံးစရိတ်တွေ အများကြီး ထုတ်ပြီး ရင်းနှီးမြုပ်နှံထားကိုမှ အသွင်ကူးပြောင်းနေဆဲ ဆိုရင် ဆုဖလား စိန်ခေါ်မယ့် အသင်းဆိုတာ ဘယ်အသင်းတွေကို ပြောတာလဲ? ကျနော် နားမလည်တော့ဘူး။

မနှစ် နိုဝင်ဘာလတုန်းက ကျနော်တို့ အမှတ်ပေးဇယား အဆင့် ၉ မှာပဲ ရှိခဲ့တယ်။ ကစားခဲ့ရတဲ့ ဥရောပပြိုင်ပွဲက ကွန်းဖရန့်လိဂ်နော်။ အဲ့တာကို ယူနိုက်တက်နဲ့ ချယ်ဆီးတို့က အသွင်ကူးပြောင်းနေဆဲလို့ ပြောရမှာလား?

ရော်နယ်ဒို၊ ဗာရန်း၊ ဆန်ချိုတို့ကို ခေါ်ယူထားပြီးမှ ပြန်လည် တည်ဆောက်ဆဲ အဆင့်တဲ့လား? အဲ့လို အသွင်ကူးပြောင်းမှုမျိုး ကျနော်တောင် ရလိုက်ချင်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

အီတလီသား မန်နေဂျာကြီးက ယူနိုက်တက်၊ နယူးကာဆယ်တို့ရဲ့ အနိုင်ယူခြင်း ခံခဲ့ရတဲ့ အခြေအနေကနေ တုန့်ပြန်နိုင်ဖို့ ဆန္ဒပြင်းပြနေသလို ဇန်နဝါရီဈေးကွက်မှာ စပါးအသင်း တာဝန်ရှိသူတွေဘက်က လူသစ်တွေအတွက် ရင်းနှီးမြုပ်နှံမှုတွေ ထပ်လုပ်ပေးမှာကို မျှော်လင့်နေတာ ဖြစ်ပါတယ်။