အပြောင်းအရွှေ့အတွက် လမ်းစဖွင့်လိုက်ခြင်းလား? ရော်နယ်ဒိုကို ခေါ်ဖို့က သူတို့ရဲ့ အိပ်မက်ပါလို့ နည်းပြဖြစ်သူ ထုတ်ပြော

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ အဆင်မပြေဖြစ်နေပြီး ဒီရက်ပိုင်း ဖြစ်ပွားခဲ့တဲ့ လူစားဝင်ဖို့ရာ ငြင်းဆန်ခြင်းအတွက် ဝေဖန်မှုတွေ အများကြီး ရင်ဆိုင်ခဲ့ရပါတယ်။

နည်းပြတန်ဟက်နဲ့ ရော်နယ်ဒိုကြား မျက်နှာခြင်းဆိုင် ဆွေးနွေးမှုက အကောင်းမြင်စရာ ရလဒ်တွေ ထွက်ခဲ့ဟန်ရှိပြီး ယူရိုပါလိဂ်ပွဲကြို အသင်းလိုက် လေ့ကျင့်ရေးမှာ ပေါ်တူဂီစတား ပြန်ပါလာခဲ့ပါတယ်။ ဒါပေမယ့်လို့ ဇန်နဝါရီမှာတင် ယူနိုက်တက်ကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေကတော့ မရပ်တန့်သေးပါဘူး။

၂၀၂၃ နွေမှာ စာချုပ်ကုန်မယ့် ရော်နယ်ဒိုဟာ ဇန်နဝါရီမှာတင် အသင်းပြောင်းလိုနေပြီး တကယ်တမ်းမှာ ဒီနွေကတည်းက ထွက်ခွာဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ပုံရိပ်ကြီးမှုဟာ မန်နေဂျာတွေအတွက် စဉ်းစားစရာ ဖြစ်ခဲ့ပြီး မြင့်မားတဲ့ လုပ်ခကြောင့်လည်း ကလပ်တွေ တွန့်ဆုတ်ခဲ့ကြကြောင်း The Athletic က ဖော်ပြထားခဲ့တယ်။

စပို့တင်း လစ္စဘွန်းမန်နေဂျာ ရူဘန်အာမိုရင်ကတော့ ယူနိုက်တက်ကနေ ရော်နယ်ဒိုကို ခေါ်ယူဖို့ဟာ သူတို့အသင်းရဲ့ အိပ်မက်တစ်ခုလို့ ထုတ်ပြောလာခဲ့တယ်။ ဒါပေမယ့်လို့ တိုက်စစ်မှူးရဲ့ လုပ်ခဟာ စပို့တင်းအတွက် ကြီးမားတဲ့ အခက်အခဲ ဖြစ်နေကြောင်း ဆက်ပြောခဲ့ပါတယ်။

အာမိုရင်က ပြောရာမှာ ‘ ရော်နယ်ဒိုက ထိပ်တန်း ကစားသမားပါ။ သူက ယူနိုက်တက် ကစားသမားပါ။ စပို့တင်းက လူတိုင်းကလည်း သူ့ကို အသင်းထံ ပြန်ခေါ်ဖို့ဆိုတဲ့ အိပ်မက် ရှိထားကြပါတယ် ဒါပေမယ့် သူ့ရဲ့ လုပ်ခကို ကျနော်တို့ မတတ်နိုင်ပါဘူး။

ယူနိုက်တက်မှာ ရှိနေရတာကို ရော်နယ်ဒို ပျော်နေမယ်ထင်ပါတယ်။ ဒါပေမယ့် ပွဲမကစားရတာက ပြဿနာတစ်ခု ဖြစ်ပါလိမ့်မယ်။ ကျနော်မှာကလည်း ကျနော် ပြဿနာတွေနဲ့ပါ၊ ရော်နယ်ဒို ကိစ္စကတော့ တန်ဟက် ပြဿနာပါ။ လောလောဆယ်တော့ ရှိတဲ့ အသင်းသားတွေနဲ့အတူ ကျနော် ပျော်နေပါတယ် ’ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

စပါး၊ မာဆေး၊ ဖရန့်ဖတ် အပါအဝင် စပို့တင်းပါရှိနေတဲ့ ချန်ပီယံလိဂ် အုပ်စုမှာ ရှုံးထွက်တက်နိုင်ဖို့ ၄ သင်းလုံး အခွင့်အရေး ရှိနေတာပါ။ ရော်နယ်ဒိုရဲ့ ကစားသမားဘဝ စတင်ရာ ကလပ်ဟာ ရှုံးထွက်ထံ တက်ရောက်နိုင်ခဲ့ရင် ရာသီဝက်မှာ ပေါ်တူဂီ ကြယ်ပွင့်ကို ခေါ်ယူရေး ကြိုးစားသွားမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။