မက်ဆီရဲ့ နောက်ဆုံး ကမ္ဘာဖလားဆိုပေမယ့် အာဂျင်တီနား ဗိုလ်စွဲမှာ မမြင်လိုကြောင်း ဒိုကြီး ထုတ်ပြော

ရော်နယ်ဒို နာဇာရီယိုက ၂၀၂၂ ကာတာကမ္ဘာဖလားမှာ အာဂျင်တီးနားနဲ့အတူ မက်ဆီ ဗိုလ်စွဲမှာကို မမြင်လိုပါဘူးလို့ ဝန်ခံလိုက်ပါတယ်။

ကမ္ဘာဘောလုံး ဂန္တဝင်ကြီး ရော်နယ်ဒိုဟာ ဘရာဇီးအသင်းနဲ့အတူ ၁၉၉၄ နဲ့ ၂၀၀၂ ခုနှစ်တွေမှာ ကမ္ဘာဖလားဖလား အနိုင်ရခဲ့တာပါ။ ၉၄ ခု ကမ္ဘာဖလားမှာ ရော်နယ်ဒို ပွဲထွက်ကစားနိုင်ခြင်း မရှိပေမယ့် ၂၀၀၂ မှာတော့ ကိုယ်တိုင် ၈ ဂိုးသွင်းပြီး ကမ္ဘာဖလားကို ထိုက်ထိုက်တန်တန် ကိုင်မြောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတစ်ကြိမ် ကမ္ဘာဖလားပြီးရင် မက်ဆီ လက်ရွေးစင်အသင်းကနေ အနားယူတော့မှာ ဆိုပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ဒါဘီပြိုင်ဘက် အသင်း ကမ္ဘာဖလားမှာ အောင်မြင်ဖို့တော့ ဆုတောင်းမပေးနိုင်ကြောင်း ဘရာဇီး ဂန္တဝင်ကြီးက ဝန်ခံခဲ့ပါတယ်။

ရော်နယ်ဒို နာဇာရီယိုက ပြောရာမှာ ” သူက စပိန်အတွက် ကိုယ်စားပြုတယ် ဆိုရင်တော့ တမျိုးပေါ့ဗျာ။ ဘရာဇီး-အာဂျင်တီးနားကြား ယှဉ်ပြိုင်မှုက သိပ်ကြီးမားပါတယ်။ လေးစားသမှုနဲ့ ပြောရရင် ကျနော်တို့ကြား မယုံနိုင်လောက်အောင် ထိပ်တိုက်ပြိုင်ဆိုင်မှုတွေ ရှိထားတာပါ။ ဒါကပဲ ဘောလုံးရဲ့ ချစ်စရာအကောင်းဆုံး ကိစ္စပါပဲ။

ဒါပေမယ့် အာဂျင်တီးနား ကမ္ဘာဖလား အနိုင်ရဖို့ဆိုတာ လုံးဝကို မစဉ်းစားမိတဲ့ ကိစ္စပါ။ မက်ဆီ ကမ္ဘာဖလား အနိုင်ရဖို့ ထိုက်တန်လား? သေချာတာပေါ့။ ဒါပေမယ့် ကျနော်တော့ သူအနိုင်ရဖို့ အားပေးနေမှာ မဟုတ်ပါဘူး။

သူ့ကို သဘောကျပေမယ့် ကမ္ဘာဖလားမှာ အာဂျင်တီးနားကို အားပေးနေမှာ မဟုတ်ကြောင်းကို မက်ဆီလည်း သဘောပေါက်မှာပါ။ သူလည်း ကျနော်လိုပဲဆိုတာ သေချာပါတယ်။ မာရာဒိုနာလည်း ဘရာဇီးကို လေးစားပေမယ့်လို့ ဘရာဇီးအသင်း ကမ္ဘာဖလား အနိုင်ရမှာကို မြင်လိုခဲ့တာ မဟုတ်ပါဘူး ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လာမယ့်လမှာတော့ ကမ္ဘာဖလား ပြိုင်ပွဲကြီး စတင်လာတော့မှာဖြစ်ပြီး ဘရာဇီးနဲ့ အာဂျင်တီးနားတို့ဟာ ချန်ပီယံဆုကို ကိုင်မြောက်နိုင်ဖို့ ရေပန်းစားနေကြတာပဲ ဖြစ်ပါတယ်။