၂၀၂၂ ကာတာ ကမ္ဘာဖလားပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်သွားကြမယ့် ပရီးမီးယားလိဂ် ကစားသမားများ

ကမ္ဘာဖလားဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးပြိင်ပွဲဖြစ်ပြီး လက်ရွေးစင် အသင်းတွေဟာ သူတို့ရဲ့ အကောင်းဆုံးသော ကစားသမားတွေကို ပြိုင်ပွဲကြီးထံ ဒဏ်ရာကြောင့် ခေါ်မလာနိုင်တာမျိုး အကြိမ်တိုင်း ဖြစ်ခဲ့ဖူးပါတယ်။

ကာတာမှာ ပြုလုပ်မယ့် ကမ္ဘာဖလားဟာ ကလပ်တွေရဲ့ ဘောလုံးရာသီ ကြားမှာ ရှိနေတာဖြစ်သလို အဆိုပါ ပြိုင်ပွဲကြီး အကြိုမှာပဲ နာမည်ကြီး ကစားသမားတွေ စတင်ကာ ဒဏ်ရာရနေခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီး ကွင်းလယ်လူ ကန်တေ၊ ညာအစွန်လူ ရိစ်ဂျိမ်း၊ လီဗာပူးတိုက်စစ်သမား ဂျိုတာ၊ နယူးကာဆယ် တိုက်စစ်သမား အိုင်ဆက်နဲ့ ဝုဗ်တိုက်စစ်သမား နက်တို တို့ဟာ ၂၀၂၂ ကမ္ဘာဖလားကို လွဲချော်သွားကြမယ့် ပရီးမီးယားလိဂ် အကျော်အမော်တွေ ဖြစ်ကြတယ်။

မန်စီးတီးမှ ဝေါ်ကာက ဒဏ်ရာကြောင့် ကမ္ဘာဖလားကို လွဲနိုင်တယ်လို့ ခန့်မှန်းခံထားရပြီး ဒီအပတ်မှာတော့ ယူနိုက်တက်မှ ဗာရန်းကလည်း ဒဏ်ရာကြောင့် ပြင်သစ်အသင်းနဲ့အတူ ကာတာကို လိုက်ပါနိုင်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နောက်လမှာ ကမ္ဘာဖလား စတင်တော့မှာဖြစ်ခြင်းကြောင့် ပရီးမီးယားလိဂ် အကျော်အမော်တွေ ဖြစ်ကြတဲ့ ဗန်ဒိုက်၊ ဒီဘရိုင်း၊ ဟယ်ရီကိန်း၊ သီယေဂို၊ ဂျေးဆုတို့လို လက်ရွေးစင်အသင်းတွေရဲ့ အဓိက ကစားသမားတွေအပေါ် စောင့်ကြည့်မှုတွေလည်း ထွက်ပေါ်လာနေတယ်။

ပရီးမီးယားလိဂ် ကစားသမား တစ်ဦးကဆိုရင် ‘ ကလပ်တွေနဲ့ ပရိသတ်တွေက ကြားလိုမှာ မဟုတ်ပေမယ့် ကစားသမားတွေက ထိပ်တိုက်တွေ့မှုတွေကို စပြီး ရှောင်ရှားလိုလာနေပါတယ်။ ကြွက်သားနဲ့ တံကောက်ကြော ဒဏ်ရာတွေ ရမှာ စိုးရိမ်တာကြောင့် ပြေးနိုင်သလောက် ပြင်းပြင်းထန်ထန်တောင် မပြေးကြတော့ပါဘူး။

လာမယ့် အပတ်အတွင်း နာမည်ကြီး ကစားသမားအချို့က ပွဲထွက်လူစာရင်းထဲ မပါဘဲ အရန်ခုံ ထိုင်ကြမယ့် အခြေအနေကိုတောင် မြင်တွေ့လာရနိုင်ပါတယ် ’ လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။