ဘာစီလိုနာ၊ ဂျူဗင်တပ်တို့ နာကျင်ကြမယ့် ကိစ္စကို အစဖော်ပြီး လှောင်ပြောင်ခဲ့တဲ့ မော်ရင်ညို

ဥရောပရဲ့ ဒုတိယတန်းစား ပြိုင်ပွဲဖြစ်တဲ့ ယူရိုပါလိဂ်ကို ချန်ပီယံလိဂ်ပြိုင်ပွဲက အရှုံးသမားတွေ ရောက်လာကြတော့မယ်လို့ မော်ရင်ညိုက လှောင်ပြောင်လိုက်ပါတယ်။

ဒီအပတ် ချန်ပီယံလိဂ်ပွဲတွေအပြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ဟာ ယူရိုပါလိဂ်ထံ ဆင်းလာရဖို့ နီးစပ်လာတာပါ။ နှစ်သင်းလုံးဟာ သက်ဆိုင်ရာ အုပ်စုတွေမှာ တတိယနေရာမှာပဲ ရပ်တည်နေသလို ချန်ပီယံလိဂ် ရှုံးထွက်ကို တက်ရောက်နိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။

အက်သလက်တီကိုနဲ့ အေစီမီလန်တို့ကလည်း အုပ်စုအဆင့်ကို ကျော်ဖြတ်ဖို့ ခက်ခဲနေပြီး ယူရိုပါလိဂ်ထံ ဆင်းကစားရနိုင်ဖွယ် ရှိပါတယ်။ ဥရောပရဲ့ အမြင့်ဆုံး အဆင့်ကနေ ဆင်းလာကြတော့မယ့် ပြိုင်ဘက်ဟောင်းတွေကို မော်ရင်ညိုက ပိဿလေး ဘေးပစ်တဲ့ စကားလုံးတွေဖြင့် သရော်သွားခဲ့တယ်။

ရိုးမားအသင်းဟာ အုပ်စုတွင်း ထိပ်ဆုံးအသင်းဖြစ်တဲ့ ဘက်တစ်ကို ၁-၁ သရေကျအပြီး ယူရိုပါလိဂ် အုပ်စုတွင်းမှာ တတိယနေရာမှာပဲ ရှိနေတာပါ။ ဘက်တစ်ကို ပြိုင်ပွဲရဲ့ ရေပန်းစားအသင်းအဖြစ် မော်ရင်ညိုက ချီးကျူးခဲ့ပေမယ့် ချန်ပီယံလိဂ်ပြုတ် အသင်းတွေ ပါလာခဲ့ရင် မလွယ်ပါဘူးလို့ မှတ်ချက်ပေးခဲ့တယ်။

မော်ရင်ညိုက ‘ ရီးရဲလ်ဘက်တစ်ကို အဓိက စိန်ခေါ်သူတွေအဖြစ် မြင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်မှာ မအောင်မြင်တဲ့ ငါမန်းတွေ ဒီကို ရောက်လာတော့မှာပါ။ ဘက်တစ်အတွက် ခက်ခဲသွားပါလိမ့်မယ်။

ချန်ပီယံလိဂ်က အသင်းတွေက ဒီကို ရောက်မလာသင့်ပါဘူး၊ ဒါပေမယ့် ရောက်လာတော့လည်း ပျော်စရာပဲပေါ့။ ချန်ပီယံလိဂ်ရဲ့ အရှုံးသမားတွေ ဒီပြိုင်ပွဲထံ ရောက်လာကြတော့မှာပါ ‘ လို့ ပြောဆိုခဲ့တာဖြစ်တယ်။

ဒါပေမယ့်လို့ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ အေစီမီလန်၊ အေတီကိုတို့ ယူရိုပါလိဂ်ထံ ဆင်းကစားရရင်တောင် မော်ရင်ညိုရဲ့ ရိုးမားအသင်းနဲ့ ထိပ်တိုက်တွေ့မယ် မသေချာသေးပါဘူး။

ရိုးမားအသင်းကလည်း ယူရိုပါလိဂ်မှာ အခြေအနေ အရမ်း မကောင်းတာကြောင့် မနှစ်ကရာသီမှာ သူတို့ ချန်ပီယံဖြစ်ခဲ့တဲ့ ယူရိုပါ ကွန်းဖရန့်ထံ ဆင်းကစားရမယ့် အနေအထားကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။