အုပ်စုလက်ကျန် နှစ်ပွဲမှာ ဘယ်လိုရလဒ်တွေ ထွက်ရင် ဘာစီလိုနာတို့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် တက်ရောက်နိုင်မလဲ ရှင်းပြခြင်း

မနက်က ယှဉ်ပြိုင်ကစားတဲ့ ဘာစီလိုနာနဲ့ အင်တာမီလန်ပွဲဟာ မျှော်လင့်ထားသလို ပွဲကောင်းဖြစ်ခဲ့ပြီး ၃-၃ ဆိုတဲ့ ရလဒ်ဖြင့် အဆုံးသတ်ခဲ့ပါတယ်။

ဦးဆောင်ဂိုး အရင်ရခဲ့တဲ့ ဘာစီလိုနာဟာ မီလန်ကို ဦးဆောင်ခွင့်တွေ ပြန်ပေးခဲ့ရပြီး ၂-၁၊ ၃-၂ ဆိုတဲ့ အခြေအနေတွေနဲ့အတူ နောက်ကနေ လိုက်ကစားခဲ့ရတယ်။ ဘာစီလိုနာ ခံစစ်ရဲ့ ယိုယွင်းမှုအပေါ် ဝေဖန်စရာတွေ ရှိခဲ့ပြီး အချိန်ပိုမှာ လီဝန်ဒေါစကီးရဲ့ ခြေပဂိုးကပဲ ချန်ပီယံလိဂ် ရှုံးထွက်တက်ရေး မျှော်လင့်ချက်ကို အသက်ဆက်စေခဲ့ပါတယ်။

ဒီနေ့ပွဲမတိုင်ခင် နှစ်သင်း ထိပ်တိုက်တွေ့မှုမှာ အင်တာမီလန်က ၁-၀ ဖြင့် အနိုင်ရထားခဲ့ပါတယ်။ ဒါကြောင့် ဘာစီလိုနာ ပိုင်ဆိုင်နေတဲ့ မျှော်လင့်ချက်ဟာ အားကောင်းခြင်း မရှိဘဲ ငွေ့ငွေ့လေးပဲ ရှိနေတာပါ။ ဒါပေမယ့်လို့ မျှော်လင့်ချက် နည်းနည်းလေး ရှိသေးတာက မရှိတော့တာထက်တော့ ပိုကောင်းပါလိမ့်မယ်။

အုပ်စုတွင်း အခြေအနေအရ ဘိုင်ယန်မြူးနစ်ကတော့ ရှုံးထွက်ကို တက်နိုင်ခဲ့ပါပြီ။ ထို့အတူ ဗစ်တိုးရီးယားကလည်း အုပ်စုအဆင့်ကနေ ပြုတ်သွားခဲ့တာ သေချာခဲ့ပါပြီ။ အင်တာမီလန်နဲ့ ဘာစီလိုနာကတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်နေပါတယ်။

အုပ်စုတွင်း လက်ကျန် ၂ ပွဲ ကစားရဖို့ ရှိနေပြီး အင်တာမီလန်က ဗစ်တိုးရီးယားကို အိမ်ကွင်း၊ ဘိုင်ယန်မြူးနစ်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာပါ။ နှစ်ပွဲထဲက ဗစ်တိုးရီးယားကို အနိုင်ရရင်ကိုပဲ ရမှတ် ၁၀ မှတ် ထိပ်တိုက်တွေ့ဆုံမှု အသာဖြင့် ရှုံးထွက်ကို တက်ရောက်ပါလိမ့်မယ်။

ဘာစီလိုနာကတော့ ဗစ်တိုးရီးယားနဲ့ အဝေးကွင်း၊ ဘိုင်ယန်ကို အိမ်ကွင်းတွေမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာစီလိုနာတို့ နှစ်ပွဲလုံးကို အနိုင်ရဖို့ လိုအပ်သလို တစ်ဘက်မှာ အင်တာမီလန်အသင်း ပွဲစဉ် ၂ ပွဲလုံးမှာ ခြေချော်မှပဲ ဇာဗီရဲ့အသင်း နောက်တစ်ဆင့်ထံ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

အုပ်စုတွင်း အခြေအနေအရ ဘာစီလိုနာဟာ ပွဲစဉ် ၅ အပြီးမှာ ယူရိုပါလိဂ်ကို ဆင်းကစားရကြောင်း အဖြေထွက်ဖို့က ပိုလို့ နီးစပ်နေခဲ့ပြီ ဖြစ်ပါတယ်။