ဥရောပ ဘီလူးကြီးရှိနေလို့ မန်စီးတီး ချန်ပီယံလိဂ် မရသေးတာပါလို့ ဒဲ့ပြောတဲ့ ဂွာဒီယိုလာလ

မန်နေဂျာ ဂွာဒီယိုလာက အခုချိန်ထိ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်မရသေးတာအတွက် အကောင်းဆုံး ဖြေရှင်းချက်တစ်ခုကို ကိုပင်ဟေဂင် ပွဲအပြီး ထုတ်ပြောခဲ့ပါတယ်။

ဂွာဒီယိုလာပြောတဲ့ ရိုးရှင်းသော အကြောင်းရင်းက ရီးရဲလ်မက်ဒရစ်ကြောင့်ပဲ ဖြစ်ပါတယ်။ ၂၀၁၆ မှာ မန်စီးတီးကို ပြောင်းခဲ့တဲ့ ဂွာဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်နဲ့ အက်ဖ်အေဖလားတို့ကို အနိုင်ရခဲ့ပေမယ့် ဥရောပမှာတောင် အောင်မြင်ခဲ့ခြင်း မရှိပါဘူး။

ကိုပင်ဟေဂင် ပွဲအပြီး ဘာလို့ မန်စီးတီးအသင်း ချန်ပီယံလိဂ်ဖလား အနိုင်မရသေးတာလဲလို့ သတင်းထောက်က မေးခွန်းထုတ်ရာမှာ ဂွာဒီယိုလာက ” ဘာလို့လဲဆိုတော့ မက်ဒရစ် ရှိနေတာကြောင့်ပေါ့ကွာ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

၂၀၁၄ ကတည်းက စပိန်အင်အားကြီးကလပ်ဟာ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်ထိ အနိုင်ရခဲ့ပြီဖြစ်တယ်။ မနှစ်က ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့ခဲ့ကြစဉ် စပိန်ကလပ်က နှစ်ကျော့ပေါင်း ၆-၅ ဆိုတဲ့ ရလဒ်ဖြင့် ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါသေးတယ်။

ဒီရာသီစကတည်းက ဂွာဒီယိုလာက ” ချန်ပီယံလိဂ်ကို အနိုင်ရလိုပါတယ်။ ဒါပေမယ့် နိုင်ရမယ်ဆိုပြီး အရမ်း စွဲလမ်းနေတာမျိုးလည်း မရှိပါဘူး။ ချန်ပီယံလိဂ် အောင်မြင်ဖို့က အိပ်မက်ဖြစ်ပြီး ကျနေ်ာတို့ လုပ်နိုင်ရမယ့် ပစ်မှတ်ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ပြိုင်ဘက်တွေက ဘယ်လောက်တောင် ကောင်းတယ်၊ ဒီပြိင်ပွဲက ဘယ်လောက်ထိ ခက်ခဲတယ်ဆိုတာကို ကျနော် သိပါတယ်။ အကြိမ်တွေ အများကြီး ပြောခဲ့ဖူးပါတယ်၊ လူတိုင်းက ကျနော် ဆင်ခြေပေးတယ်လို့ ထင်နေကြပေမယ့် မန်စီးတီးကို ရောက်လာတာ ချန်ပီယံလိဂ်ဖလား အနိုင်ယူပေးဖို့ မဟုတ်ပါဘူး။

ဘောလုံးရာသီတိုင်း ချန်ပီယံလိဂ်ဖလား အနိုင်ရလိုပါတယ်။ ဒါပေမယ့် မနိုင်လို့လည်း ကျဆုံးတယ်လို့ မခံစားရပါဘူး ” လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ဒီရာသီမှာ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ဖလား အောင်မြင်ဖို့ အတော်လေး ရေပန်းစားနေပြီး ဟာလန်း ရောက်လာခဲ့တာက မန်ချက်စတာကလပ် ကာလရှည် မျှော်လင့်နေတဲ့ ဆုဖလား အနိုင်ရရေး အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ခံနေရတာပဲ ဖြစ်ပါတယ်။